ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

ဧရာဝတီတိုင်း၊ မအူပင်တွင် ခရိုင်နှင့်မြို့နယ်စစ်ကောင်စီရုံးရှိ ရုံးဝန်ထမ်းများမှာ ဝန်ထမ်းသက်သာချောင်ချိရေး အကြောင်းပြရရှိနေသော စားအုန်းဆီများကို တစ်ပိဿာလျှင်ငွေကျပ်နှစ်သောင်းနီးပါးဖြင့် ပြင်ပသို့ပြန်လည် ရောင်းချနေကြောင်း ထွေအုပ်ရုံးဝန်ထမ်းအသိုင်းအဝန်းထံက သိရသည်။

ထွေအုပ်ရုံးဝန်ထမ်းများအတွက် ဝန်ထမ်းသက်သာချောင်ချိရေးအကြောင်းပြကာ စားအုန်းဆီဆိုင်များမှ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ငွေ ၅၅၀၀ ကျပ်နှုန်း ဖြင့် ရောင်းချ​ပေးရသည့် ဆီများကို ပြင်ပသို့မှောင်ခိုတဆင့် ပြန်လည်ရောင်းချနေခြင်းဖြစ်သည်။

“ ဝန်ထမ်းသက်သာချောင်ချိရေးဆိုပြီးတော့ မြို့ထဲကကုန်ခြောက်ဆိုင်ရှင်တွေကို ရုံးထဲခေါ်ပြီးတော့ စားအုန်းဆီတွေရောင်းခိုင်းတယ်။ ဝန်ထမ်းတစ်ယောက်ကို ဆီတစ်ပိဿာဝယ်ခိုင်းတာပေါ့။ တစ်ပိဿာပေါက်ဈေးက ၅၈၅၀ ပဲရှိတယ်။ အဲ့တော့တချို့က ဆီတွေပြန်စုပြီးတော့ရပ်ကွက်ထဲကိုတဆင့်ပြန်ရောင်းကြတယ်။ ဈေးကတော့ နှစ်သောင်းဝန်းကျင်လောက်ကိုမှောင်ခိုဈေးကွက်ဖြစ်နေတာ”ဟု မြို့နယ် ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အတူ မအူပင်မြို့တွင်းရှိ ရပ်ကွက်နေရာအချို့၌ ခရိုင်နှင့်မြို့နယ်စစ်ကောင်စီဝန်ထမ်းအချို့မှ စားအုန်းဆီ တစ်ပိဿာ တစ်သောင်းခွဲကျပ်မှ နှစ်သောင်းကျပ်ဝန်းကျင်ဖြင့် တဆင့်ပြန်လည်ရောင်းချနေကာ မှောင်ခိုဈေးကွက်သဘောဖြစ်ပေါ်နေပြီး မြို့တွင်းရှိကုန်ခြောက်ဆိုင်များ၌ စားအုန်းဆီပြတ်တောက်နေသည်ဟု အကြောင်းပြကာ ရောင်းချမှုမကြာခဏရပ်နားထားလေ့ရှိကြောင်း မြို့ခံများထံကသိရသည်။

“ ရပ်ကွက်ထဲက ခရိုင်ထွေအုပ်ရုံးကစာရေးဝန်ထမ်းဆိုရင် အခုစားအုန်းဆီခိုးရောင်းပြီးသူဌေးဖြစ်နေပြီ။ သူတို့တွေဆီတခါသွားဝယ်ရင်တစ်ပိဿာ တစ်သောင်းခွဲလောက်ပေးဝယ်နေရတယ်။ တချို့ဝန်ထမ်းတွေဆိုရင် တစ်ပိဿာနှစ်သောင်းနီးပါးလောက်ရောင်းနေတာ။မြို့ထဲဆီသွားဝယ်ရင်မှတ်ပုံတင်နဲ့ထောက်ခံစာတောင်းနေတာဆိုတော့ စိတ်ညစ်လို့သွားကိုမဝယ်ဖြစ်တာ။နောက်ပြီးမြို့ထဲက ကုန်ခြောက်ဆိုင်တွေဆိုရင်စားအုန်းဆီ သွားဝယ်တာနဲ့ကုန်ပြီပဲပြောနေတာ။တခါတလေ ဆီပြတ်နေတယ်ဆိုပြီးတော့ မရောင်းတာကခဏခဏပဲ”ဟု မအူပင်မြို့ခံတစ်ဦးကဆိုသည်။

မအူပင်မြို့နယ်တွင် တိုင်းစစ်ကောင်စီညွှန်ကြားမှုအရဟုဆိုကာ ခရိုင်နှင့်မြို့နယ်စစ်ကောင်စီမှမြို့တွင်းရှိ ကုန်ခြောက်အရောင်းဆိုင်ရှင်များအနေဖြင့် သတ်မှတ်ထားသည့် ကုန်စည်ဈေးနှုန်းများဖြင့် ရောင်းချရန် ကုန်သည်များအား ပြီးခဲ့သည့်ဇွန်လနောက်ဆုံးအပတ်က အစည်းအဝေးခေါ်ယူခဲ့ကြောင်း မြို့ခံကုန်သည်အသိုင်းအဝန်းထံကသိရသည်။

ဓာတ်ပုံ- မအူခရိုင်စစ်ကောင်စီရုံး
#မအူပင် #စစ်ကောင်စီ #စားအုန်းဆီ #တစ်ပိဿာကျပ်နှစ်သောင်းနီးပါး #မှောင်ခိုရောင်းချ
#Ayeyarwaddy_Times