
စစ်ဝေးသော်/ဧရာ၀တီတိုင်းမ်
ဇူလိုင် ၄ ရက်
ပေါ်တူဂီ တိုက်စစ်မှူးကြီး ရိုနယ်ဒိုဆိုတာ ကမ္ဘာ့စံချိန်ပေါင်းများစွာ တင်ထားတဲ့ သက်ရှိဂန္တဝင် ကစားသမား တစ်ဦးပါ။ မြက်ခင်းစိမ်းပေါ်မှာ ဆယ်စုနှစ် ၂ ခုကျော်ပြေးလွှားရင်း ကမ္ဘာ့ဘောလုံးပရိတ်သတ်များစွာကို ရင်ခုန် စိတ်လှုပ်ရှားမှု၊ ဖျော်ဖြေမှုများစွာပေးစွမ်းခဲ့တဲ့သူဆိုရင်လည်း မမှားပါဘူး။
ဖာဂူဆန်ရဲ့သားတပည့်၊ မန်ယူအသင်းနဲ့အတူ ထွန်းလင်းတောက်ပလာခဲ့တဲ့ ရိုနယ်ဒိုဟာ ယူရိုပြိုင်ပွဲကို ၂၀၀၄ ခုနှစ်ကတည်းက စတင်ကစားခဲ့သလို လက်ရှိ ယူရို ၂၀၂၄ အထိ ပြိုင်ပွဲ ၅ ကြိမ်ဆက် ပါဝင်ကစားထားတဲ့ တစ်ဦးတည်းသောပလေယာဖြစ်ပါတယ်။
ပြီးတော့ ယူရိုပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲစတဲ့ အဓိကပွဲပေါင်း ၂၈ ပွဲအထိ အများဆုံးကစားထားသူ၊ မိနစ်ပေါင်း ၂၁၅၅ မိနစ်အထိ ကစားခဲ့သူ၊ ပွဲစဉ် ၁၂ ပွဲအထိ အနိုင်ယူထားသူ စတဲ့ ယူရိုပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ စံချိန်ပေါင်းများစွာ တင်ထားသူပါ။
ယူရိုပြိုင်ပွဲသမိုင်းတလျှောက် ထာ၀ရဂိုးသွင်းအများဆုံးကစားသမားဟာလည်း ရိုနယ်ဒိုပါပဲ။ သူဟာ ၂၀၀၄ ယူရိုကစလို့ ယူရို ၂၀၂၀ အထိ စုစုပေါင်း ၁၄ ဂိုးအထိ သွင်းယူထားတဲ့ ဂန္တဝင်ပလေယာပါ။ ဒုတိယနေရာမှာ ရှိနေတဲ့ ပလာတီနီတောင် ၉ ဂိုးပဲ သွင်းနိုင်ပါတယ်။ ရိုနယ်ဒိုရဲ့ ၁၄ ဂိုးစံချိန်ကို နောက်လူတွေ ကျော်ဖြတ်နိုင်ဖို့ မလွယ်ပါဘူး။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ရိုနယ်ဒိုဟာ လက်ရှိကျင်းပနေတဲ့ ယူရို ၂၀၂၄ မှာလည်း ပေါ်တူဂီအသင်းခေါင်းဆောင် အဖြစ် အသင်းကို ဦးဆောင်ကစားနေသူပါ။ အရည်အချင်း ပြည့်၀ပြီး စိတ်ဓာတ်က မည်မျှပင်မာကျော နေပါစေ၊ ဇရာကိုတော့ ရိုနယ်ဒိုအံတုလို့ မရပါဘူး။
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ရိုနယ်ဒိုဟာ ချက်၊ တူရကီ၊ ဂျော်ဂျီယာနဲ့ ဆလိုဗေးနီးယားပွဲစဉ်တိုင်းကို ပါဝင်ကစား ခဲ့ပါတယ်။ ဂျော်ဂျီယာအသင်းနဲ့ပွဲစဉ်တစ်ခုသာ လူစားလဲခံခဲ့ရပြီး ကျန် ၃ ပွဲစလုံး ပွဲချိန်ပြည့် ကစားခဲ့ပါတယ်။
အဆိုပါ ၄ ပွဲမှာ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်ပြီး သွင်းဂိုးတစ်ဂိုးမှ ရိုနယ်ဒို မသွင်းနိုင်သေးပါဘူး။
ယခင်က ပြိုင်ဘက်နောက်တန်းတွေရဲ့ ပစ်မှတ်ထားပိတ်ဆို့မှုကို နည်းမျိုးစုံကျော်ဖြတ်ပြီး ဂိုးပေါင်းများစွာ သွင်းခဲ့တဲ့ရိုနယ်ဒိုဟာ အသက်ထောက်လာချိန်မှာ ပြေးအားတိုးအား၊ အလိမ်အခေါက်၊ ဖြတ်ကျော်နိုင်မှု၊ အမြင့်ခုန်နိုင်မှုတွေကအစ ကျဆင်းခဲ့ပြီး ဂိုးရဖို့ ရုန်းကန်နေရပါတယ်။
ပြီးခဲ့တဲ့ ယူရို ၂၀၂၀ တုန်းက ရိုနယ်ဒိုဟာ အုပ်စုပွဲစဉ် ၃ ပွဲမှာ ၅ ဂိုးအထိ သွင်းယူခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရှင်ပါ။ လက်ရှိ ယူရို ၂၀၂၄ မှာ ၄ ပွဲကစားပြီး ရိုနယ်ဒို တစ်ဂိုးမှ မသွင်းနိုင်တာဟာ ဇရာထောင်းခြင်းရဲ့ ထင်ရှားတဲ့သက်သေတစ်ခု ဖြစ်ပါတယ်။
ယူရို ၂၀၂၄ မှာ ပထမဆုံးသွင်းဂိုးရမယ့်အခွင့်အရေးဟာ ဆလိုဗေးနီးယားပွဲစဉ်မှာ ရခဲ့ပေမယ့် ရိုနယ်ဒို ကန်သွင်းတဲ့ ပယ်နယ်တီကို ဂိုးသမား အိုဘလက်ကာကွယ်သွားလို့ ဂိုးရဖို့ လွဲချော်ခဲ့ပါတယ်။ အဲ့ဒီ ပွဲစဉ်မှာ ရိုနယ်ဒိုဟာ ပယ်နယ်တီလွဲခဲ့လို့ အတော်လေးခံစားခဲ့ရပြီး ဝမ်းနည်းစွာ ငိုကြွေးခဲ့ပါတယ်။
မနက်ဖြန်မှာ ရိုနယ်ဒိုရဲ့ပေါ်တူဂီဟာ ပြင်သစ်အသင်းနဲ့ ကွာတားဖိုင်နယ် ရင်ဆိုင်ကစားရမှာပါ။ နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်မှာ ရိုနယ်ဒိုကစားတာကို ထပ်မံမြင်တွေ့ရနိုင်ပြီး ရှုံးခဲ့ရင်တော့ အိမ်ပြန်ရမှာပါ။
စံချိန်များရှင် ရိုနယ်ဒိုဟာ အသက် ၃၉ နှစ်အရွယ်ရှိပြီမို့ ဗြိတိန်နဲ့အိုင်ယာလန် ပူးတွဲကျင်းပမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲကို ပါဝင်ကစားဖို့ မသေချာပါဘူး။ အဲ့အချိန်ဆို ရိုနယ်ဒိုအသက်က ၄၃ နှစ် ရှိနေမှာပါ။
ဘောလုံးလောကကနေ အနားယူဖို့အစီအစဉ်မရှိသေးသော်လည်း ဇရာထောင်းလာမှုအခြေအနေအရ လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲဟာ ရိုနယ်ဒိုရဲ့နောက်ဆုံးသော ယူရိုပြိုင်ပွဲဖြစ်ဖို့ ရာခိုင်နှုန်းများနေပါတယ်။
အနိုင်အရှုံးတွေကို ခေတ္တဘေးဖယ်ထားပြီး သက်ရှိဂန္ထဝင် ရိုနယ်ဒို လက်ရှိယူရိုပြိုင်ပွဲမှာ ဂိုးသွင်းကာ အောင်ပွဲခံတာကို ရိုနယ်ဒိုအမာခံပရိတ်သတ်တွေ မြင်ချင်နေကြမှာ အမှန်ပါပဲ။
ဘောလုံးချစ်ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ကျွန်တော်လည်း သူတို့နည်းတူ ရိုနယ်ဒို ဂိုးသွင်းပြီး “စူး”လို့ အသံရှည်ထုတ် လေပေါ်ဝဲ အောင်ပွဲခံတာကို မြင်ချင်မိပါတယ်။
ဘာကြောင့်လဲဆိုတော့ လောကနိယာမအရ ဇရာထောက်လာတဲ့ သက်ရှိဂန္ထဝင်ကြီးတယောက်ရဲ့ သွင်းဂိုးတွေကို မြင်တွေ့ရမယ့်အချိန် ကုန်ဆုံးဖို့ တဖြည်းဖြည်းနီးကပ်လာလို့ပဲ ဖြစ်ပါတယ်။
Photo – Euro 2024
#Ayeyarwaddy_Times #Euro2024 #ရိုနယ်ဒို