
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ဇူလိုင် ၄ ရက်
တနင်္သာရီတိုင်း ၊ ထားဝယ်-သရက်ချောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်လက်အောက်ခံ ရဲနှင့်ပျူစောထီးများလိုက်ပါလာသော ကားနှစ်စီးကို ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ အပြင်း အထန်ရရှိကြောင်း ဒေါင်းညီနောင် စစ်ကြောင်းထံက သိရသည်။
ထားဝယ်မြို့မှ သရက်ချောင်းမြို့သို့ ဆင်းလာသော ရဲနှင့် ပျူစောထီးများ လိုက်ပါ လာသော ကားနှစ်စီးကို ပြီးခဲ့သည့် ဇူလိုင် ၂ ရက် ညနေ ၄ နာရီခန့်က ထားဝယ် -သရက်ချောင်း လမ်းပိုင်းတွင် ဒေါင်းညီနောင်စစ်ကြောင်း ရဲဘော်များက အသင့်စောင့် ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ သတင်းရလို့ အသင့်စောင့်ကြိုပြီး တိုက်ခိုက်ခဲ့ကြတာပါ။ အဲဒီကားတွေ ထဲမှာ ရဲ နဲ့ ရဲဇနီးသည်တွေလည်းပါတယ်။ ပျူစောထီးရောပါတယ်။ အဲဒီကားတွေက သရက်ချောင်းကပဲ။ ပျူကျော်ဦးက တော့သေသွားတယ်။ ဒုရဲအုပ် ဇနီးသည် တစ်ဦးက လက်မောင်းမှာထိတယ်။ နောက်ထပ်တစ်ဦးလည်း လက်နဲ့ အခြားနေရာတွေမှာထိတယ်။ ကားကတော့ပစ်ရင်း နဲ့မောင်းပြေးသွားတယ်။ ကားလည်း အတော်ထိခိုက်ပျက်စီး သွားတယ်။ သူတို့ ခုခံချိန်တောင်မရလိုက်ဘူး။ ပန်းပြင်ဂိတ်စခန်း အနားကိုရောက်မှ သေနတ်တွေ ရမ်းသန်းပစ်ဖောက်ခဲ့တယ်” ဟု ဒေါင်းညီနောင်စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံ ကိုဗလာ က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ကားပေါ်ပါလာတဲ့ ပျူစောထီး တစ်ဦးသေဆုံးပြီး ဒုရဲအုပ် ဇနီးတစ်ဦး နှင့် အခြားတစ်ဦးလည်း ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များ ဘက်မှ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
ဒေါင်းညီနောင် စစ်ကြောင်း အနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင် စစ်ကောင်စီတပ် ပျူစောထီးများနှင့် နီးစပ်သောနေရာများသို့ မဖြစ်မနေသွားရမည်ဆိုပါက စစ်ရေးသတိရှိစွာဖြင့် ဖြတ်သန်းသွားလာကြရန် အသိပေးထားသည်။
ပုံစာ – ရဲ နှင့် ပျုစောထီးများလိုက်ပါလာသည့် ကား နှစ်စီးကို ပစ်ခတ်တိုက်ခိုက်နေစဥ်။
#သရက်ချောင်း #ရဲနှင့်ပျူစောထီးများ #ကား၂စီးပစ်ခတ်ခံရ #Ayeyarwaddy_Times