ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဇူလိုင် ၄ ရက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ပြီးခဲ့သည့် ဇွန် ၂၅ ရက်‌နေ့မှ စတင်ကာ တစ်ပတ်အတွင်း ကွမ်းပင်‌ကျေးရွာ အုပ်စုမှ ပျူစောထီး ခေါင်းဆောင် နှစ်ဦးအပါအဝင် အဖွဲ့ဝင် ခြောက်ဦးကို Operation Shadow (အရိပ်စစ်ဆင်ရေး) အဖြစ် သွားရောက် ပစ်ခတ်‌ရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ကွမ်းပင်အုပ်စု၊ ကျောက်လုံးကြီးကျေးရွာနေ ပျူစောထီးခေါင်းဆောင် ကိုအေးကို နှင့် ကွမ်းပင်ကျေးရွာနေ ပျူစောထီး ကိုကျော်စိုးနိုင်၊ ကိုငငြိမ်း၊ ကိုမောင်ဌေးနှင့် ကိုမိုးမိုး တို့ကို ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့နှင့် ၂၇ ရက် နေ့များတွင် Shadow-1၊ 2၊ 3 တို့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇူလိုင် ၁ ရက်နေ့တွင် အဆိုပါပျူစောထီးများ၏ ခေါင်းဆောင်ဖြစ်သည့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ‌နေသူ ပျူစောထီးလောရှည်ကိုလည်း တောင်ငူ-လိပ်သို လမ်းပိုင်းတစ်နေရာတွင် Shadow Team မှ စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ရာ၎င်းထံမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော် တို့က သေချာစွာ ထောက်လှမ်းပြီးမှ သွားရောက်ပစ်ခတ်ခဲ့တာဗျ။ အခုရှင်းလင်းလိုက်တဲ့ စစ်ကောင်စီ ဒေါက်တိုင်ပျူစောထီးတွေကြောင့် ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တော်တော်များများက သွားလာရေးလမ်းကြောင်းတွေမှာ ဖမ်းဆီးခံရတယ်။ တော်လှန်ပြည်သူ‌တွေလည်း အဖမ်းခံရပြီး လူငယ်တချို့ကို စစ်မှု ထမ်းဖို့ အတင်းအဓမ္မ ဖမ်းဆီးမှုတွေ လုပ်ဆောင်တာမျိုးရှိတာကြောင့် ပစ်ခတ်ခဲ့တာပါ” ဟု သာယာဝတီခရိုင်တပ်ရင်း-၃၈၀၁၊ တပ်ခွဲ-၁ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကွမ်းပင်ကျေးရွာ ပျူစောထီးခေါင်းဆောင်ကိုလောရှည်ထံမှ စစ်မှုထမ်းရမည့် လူစာရင်းများ အပါအဝင် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ပြား (ခန့်မှန်းတန်ဖိုး ကျပ် သိန်းတစ်ရာနှစ်ဆယ်ခန့်) ၊ SONY ကင်မရာ တစ်လုံး၊ ဖုန်း လေးလုံး၊ လက်ပစ်ဗုံး တစ်လုံး၊ အင်းအိုင်အဆောင်လက်ဖွဲ့များ နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပျူစောထီးအဖွဲ့ဝင်အများအပြား အသတ်ခံရမှုကြောင့် ကွမ်းပင်ကျေးရွာ အုပ်စုမှ ပျူစောထီးအဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့မှာ စစ်ကောင်စီ တပ်များဖြင့် ပူးပေါင်း၍ ကျေးရွာများအတွင်း စစ်ဆေးမှုများ လိုက်လံပြုလုပ်နေကြောင်း သိရသည်။

ယခုပြုလုပ်သည့် Operation Shadow (အရိပ်စစ်ဆင်ရေး) ကို သာယာဝတီ ခရိုင်တပ်ရင်း-၃၈၀၁ တပ်ခွဲ (၁)-YOMA GBK PDF၊ ငါးပြေမပြောက်ကြားတပ်ဖွဲ့၊ မကွေးတိုင်းပြည်သူကာကွယ်ရေးတပ်-အောင်လံတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁၊တပ်ခွဲ(၁)
#တောင်ငူ #ပျူစောထီးအဖွဲ့ #အသတ်ခံရ #PDF #မူးယစ်ဆေးဝါးဖမ်းဆီးရမိ #Ayeyarwaddy_Times