ဆောင်း/ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

မြန်မာနိုင်ငံတစ်ဝန်းရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၁ သင်တန်းဆင်းများကို ရှေ့တန်းသို့ပိုဆောင်ရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

ဇွန်လ ၂၈ ရက်နေ့က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများကို ဇွန်လ ၂၇ ရက်နေ့တွင် တစ်ရက်ကြို၍ စစ်ကောင်စီက ရှေ့တန်းသို့ ​ခွဲဝေပြောင်းရွေ့ရန် ကြိုတင်စီမံကာ စစ်ကောင်စီက လျှို့ဝှက်စီစဥ်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမှတ်စဥ် ၁ က သင်တန်းဆင်း သင်တန်းသားအားလုံးကို သင်တန်းမဆင်းခင် တစ်ရက်အလိုကတည်းကခွဲဝေပြောင်းရွေ့ခွင့်တွေကပြုခဲ့တာ။ တပ်သားသစ်တွေနဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ခွဲဝေပြီး ရှေ့တန်းပို့မှာ”ဟု နေပြည်တော်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ညွှန်ကြားစာတွင် သင်တန်းပြီးဆုံးသည့် သင်တန်းကျောင်း အသီးသီးမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ မှ ပြည်သူ့စစ်မှုထမ်းများကို အမည်နှင့်ယှဉ်တွဲပါ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိခြေလျင်/ခြေမြန်တပ်များနှင့် ဒကစ၊ စကခ၊ တမဟ၊ တမခ ကွပ်ကဲမှု​အောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း ​များထံ ခွဲဝေပြောင်းရွှေ့ရမည်ဖြစ်ကြောင်းပါရှိသည်။

ရမခ ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်အတွက် ၄၇၆ဦး၊ ရပခ ကွပ်ကဲမှုအောက် ၁၆၆ ဦး၊ နပခ ကွပ်ကဲမှုအောက် ၁၀၀ဦး၊ နမခ ကွပ်ကဲမှုအောက် ၁၆၁ဦး၊ ဒကစ(လွိုင်ကော်) ကွပ်ကဲမှုအောက် ၄၈၄ဦး၊ ဒကစ(စစ်တွေ) ကွပ်ကဲမှုအောက် ၄၀၀ဦး၊ဒကစ(ကလေး) ကွပ်ကဲမှုအောက် ၄၉၉ဦး၊ စကခ ၇ ကွပ်ကဲမှုအောက် ၃၅၉ဦး၊ စကခ ၁၂ ကွပ်ကဲမှုအောက် ၃၅၆ဦး၊ စကခ ၁၉ ကွပ်ကဲမှုအောက် ၃၄၂ဦး၊ တမဟ ၄ ကွပ်ကဲမှုအောက် ၉၂ဦး၊ တမခ ၁၀၁ ကွပ်ကဲမှုအောက် ၁၈၀ဦး၊ စကခ ၅ ကွပ်ကဲမှုအောက် ၁၂၀ဦး၊ စကခ ၁၀ ကွပ်ကဲမှုအောက် ၁၂၀ဦး၊ ကရခ ကွပ်ကဲမှုအောက် ၄၂၂ဦးစသည့် သင်တန်းဆင် ပြည်သူ့စစ်မှုထမ်းများကို ပေးပို့ရမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

“လက်ရှိကြားနေရတဲ့သတင်းကတော့ တိုင်းကျော် တပ်တွေပို့ထားတယ်ကြားတယ်။ တနင်္သာရီတိုင်းက တပ်တွေ ရခိုင်ပြည်နယ်ဘက်မှာ ကျဆုံးတဲ့သူတွေအများအပြားရှိတယ်။ အခြေအနေမကောင်းဘူး ဒါကြောင့် ​ရှေ့တန်းပို့ရမဲ့သဘောပဲဖြစ်တယ်”လို့ ၎င်းကဆက်လက်ဆိုသည်။

အခြေခံပြည်သူစစ်သင်တန်းတက်ရောက်ရန် စတင်ခေါ်ယူစဉ်က သင်တန်းဆင်းလျှင် သင်တန်းသားများအနေဖြင့် မိမိဒေသတွင်သာ လုံခြုံရေးတာဝန်များထမ်းဆောင်ရမည်ဟု စစ်ကောင်စီကပြောဆိုခဲ့သော်လည်း အမှန်တကယ်သင်တန်းဆင်းသည့်အခါ ရှေ့တန်းသို့ ပို့ခြင်းဖြစ်သည်။

စစ်မှုထမ်းသင်တန်းအမှတ်စဥ် တစ်ခုလျှင် ၁၂ ပတ်အကြာစစ်သင်တန်းပေးနေပြီး ယခုအခါ စစ်သင်တန်း အမှတ်စဥ် ၁ ပီးဆုံး၍ စစ်ကောင်စီက ရှေ့တန်းပို့ရန်ညွှန်ကြားခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၃ ကိုပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့​တွင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိ သင်တန်းအမှတ်စဥ် ၃ ကိုစတင် စစ်သင်တန်းပေးနေ​ကြောင်းသိရသည်။

ထို့ပြင်စစ်ကောင်စီဝါဒဖြန့်မီဒီယာများဘက်မှလည်း စစ်မှုထမ်းအကြုံးဝင်သည့် လူငယ်များကို မိမိတိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ကြရန်နှင့် မျိုးချစ်စိတ်ဓာတ်အပြည့်အဝထားထားရှိကြရန် နေစဥ်နှင့်အမျှ ဖော်ပြလျှက်ရှိသည်။

မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်အများစုတွင်လည်း စစ်မှုထမ်းအကြောင်းပြကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို ခြိမ်း​ခြောက်ကာ ငွေတောင်းယူမှုများနှင့် စစ်မှုထမ်းဆန့်ကျင်သူများကိုပါ ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်နေကြသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများက်ို အပတ်စဥ် ၁၊ အပတ်စဥ်၂ အပတ်စဥ် ၃တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူများကိုသာ အများစု စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေကြောင်း စုံစမ်းသိရှိရသည်။

ယခုအမှတ်စဉ် (၃) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင်လည်း ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ ခေါ်ယူခဲ့ကြခြင်းဖြစ်သည်။

ပြည်သူ့စစ်သင်တန်း အမှတ်စဉ် ၁ သင်တန်းဆင်းထားသူများနှင့် မိသားစုဝင်များအနေဖြင့် ပြည်သူရင်ခွင်သို့ ဝင်ရောက်ရန် ချိတ်ဆက်ဆောင်ရွက်မှုများရှိနေကြောင်း အဆိုပါလုပ်ငန်းစဉ်နှင့် နီးစပ်သူများထံကသိရသည်။

ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၁ သင်တန်းဆင်းများ
#အမှတ်စဥ်၁ #သင်တန်းဆင်း #ပြည်သူ့စစ်မှုထမ်း #ရှေ့တန်းပို့ရန် #ဇွန်လ၂၇ရက်နေ့ #လျှို့ဝှက်စာထုတ် #စစ်ကောင်စီညွှန်ကြား #Ayeyarwaddy_Times