ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမူနှုန်းမြင့်တက်လျက်ရှိပြီး လူသေဆုံးမူထိရှိကြောင်း ပလက်ဝကောင်စီ တာဝန်ရှိထံက သိရသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင်ငှက်ဖျားရောဂါ ဖြစ်ပွာနှုန်း အမြင့်ဆုံးမြို့နယ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆေးဝါးလုံလောက်မူ မရှိသောကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမူနှုန်း ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။

“ငှက်ဖျားဖြစ်တာက ပလက်ဝမြို့နယ်တခုလုံးပါဘဲ။ ငှက်ဖျားကြောင့် လူသေဆုံးမူတွေရှိတယ်။ကျန်းမာရေးဝန်ထမ်းတွေဆီက စာရင်းစစ်တမ်းမရောက်သေးတော့ သေဆုံးဦးရေအတိကျပြောဖို့ခက်တယ်။ ဖြစ်တာက လူကြီးလူငယ်မရွေး ဖြစ်ကြတယ်။ ဖျားနာနေတဲ့ လူသုံးဦးမှာ တစ်ယောက်လောက်က ငှက်ဖျားပို့တွေ့တယ်။”ဟု ပလက်ဝကောင်စီ ဥက္ကဌက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ငှက်ဖျားရောဂါ ဖြစ်ပွားမူနှုန်း မြင့်တက်လျက်ရှိသည့် ပလက်ဝမြို့နယ်တွင် ငှက်ဖျားရောဂါနှင့် ပတ်သက်သည့် ဆေးစစ်ကိရိယာနှင့် ဆေးဝါးအကူညီများ လိုအပ်လျက်ရှိပြီး အကူညီပေးချင်သူများအနေဖြင့် ပလက်ဝကောင်စီနှင့် ဆက်သွယ်ကူညီနိုင်ကြောင်း ၎င်းက ဆိုသည်။

ပလက်ဝမြို့နယ် ဆမီးမြို့ရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများ မရှိခြင်း၊ ဆေးဝါးများ မရရှိခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မူ အကူညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“ဆမီးမြို့ မီးချောင်းတစ်လျောက် ရွာတိုင်းနီးပါး ဖျားနာနေကြတယ်။ ရွာထဲက လက်ကျန် ငှက်ဖျားဆေးစစ် ကိရိယာနဲ့ ဆေးစစ်လိုက်ရင် ပိုးတွေ့တယ်။ ဒါပေမယ့် သူတို့ကို ငှက်ဖျားနဲ့ပတ်သက်လို ဆေးပေးဖို့က မရှိဘူး။ ပြီးတော့ ငှက်ဖျားကျန်းမာရေး ဝန်ထမ်းတွေလည်း မရှိဘူး။ အခု လူတွေက ဖျားလိုက်၊ ကောင်းလိုက်၊ အန်လိုက်နဲ့ အတော်ဖြစ်နေကြတယ်။ ငှက်ဖျားဆေးကလည်း ဘယ်မှာဝယ်ရမှန်း မသိဘူးဖြစ်နေတယ်။ ဝယ်ဖို့ကလည်း ပလက်ဝ၊ ဆမီးမှာလည်း မရှိဘူး” ဟု ဆမီးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ငှက်ဖျားရောဂါသည် လူကြီး၊ လူငယ် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အချိန်မီ ဆေးကုသခြင်း မရှိသူများနှင့် ခုခံအားနည်းသူများသည် အသက်သေဆုံးမူထိဖြစ်နိုင်သည့် ရောဂါဖြစ်သည်။

ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်မှစ၍ ဖြစ်ပွားသည့် ဝမ်းပျက်၊ ဝမ်းလျောရောဂါကြောင့် လူသေဆုံးမူထိရှိပြီး ယနေ့ထိ လူအများစုသည် ဝမ်းပျက်၊ ဝမ်းလျောရောဂါ ခံစားနေရဆဲဖြစ်ကြောင်း သိရသည်။

#ပလက်ဝမြို့ #ငှက်ဖျားရောဂါဖြစ်ပွားမှု #မြင့်တက် #လူသေဆုံးမူထိရှိ #Ayeyarwaddy_Times