
ဧရာဝတီတိုင်းမ်
(မကွေး)၊ ဇူလိုင် ၄ ရက်
မကွေးတိုင်း၊ မကွေးမြို့နယ်၊ မကွေးအကျဉ်းထောင်သို့ မန္တလေးအိုးဘိုအကျဉ်းထောင်မှ ထောင်ပြာင်းရွှေ့ဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာ ပိုင်များက ရိုက်နှက်နှိပ်စက်ကာ ထောင်တွင်းဖိနှိပ်မှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ ဇူလိုင် ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
မကွေးထောင်သို့ နိုင်ငံ ရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၄၀ ကျော်ဝန်းကျင် ထောင်ပြောင်း ရောက်ရှိလာပြီးနောက် ထောင်အာဏာပိုင်များက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး အကြောင်းမဲ့ ရိုက်နှက်မှုများကို ဇွန် ၁၆ ရက်မှ ဇွန်လ ကုန်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ နေ့စဉ် ခေါ်ထုတ်ခံရပြီး ရိုက်နှက်နှိပ်စက်ရသည့် အကြောင်းအရင်းကို မေးသည့် နိုင်ငံရေးအကျဉ်းသားများထဲမှ ဦးဆောင်သူ နိုင်ငံရေးအကျဥ်းသား ၁၀ ဦးကိုလည်း ထပ်မံရိုက်နှက်ကာ တိုက်ပိတ်ထားပြီး ယနေ့အချိန်ထိ တိုက်ပိတ်ခံထားရကြောင်း သိရသည်။
“အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘူးပေါ့။ သူတို့ မိန်းဂျေး ကိုခေါ်တယ် ပုံစံပေးတယ် ဆိုပြီးတော့မှ မေးမြန်းတာလုပ်တယ်။ မေးမြန်းတဲ့အခါမှာ ချက်ခင်းမဖြေနိုင်ရင်လည်း ရိုက်တာမျိုး ၀န်ထမ်းတွေနဲ့တွေ့တဲ့အခါမှာ ခေါင်းငုံ့ခိုင်းထားတာပေါ့။ ခေါင်းထောင် ကြည့်လိုက်တဲ့သူတွေကိုရိုက်တာမျိုးလုပ်တာ။ ရိုက်တဲ့အခါမှာလည်း တစ်ဦး တစ်ယောက်ထဲကို ရိုက်တာမျိုးမဟုတ်ဘဲ အဲ့ဒီက လာတဲ့အစုအဖွဲ့တွေကိုရိုက်တာမျိုး။ ပိုပြီးဆိုးရွားတာက ဒီလိုမျိုး အကြောင်းပြချက်မရှိဘဲရိုက်တာ ဘာလို့လဲလို့ မေးတဲ့ လူတွေကို ရိုက်တဲ့ အပြင်ကို တိုက်ပါ ပိတ်လိုက်တာမျိုး လုပ်နေတာပါဗျ” ဟု PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံရေး အကျဉ်းသားများကို ရိုက်နှက်မှုအား ဦးဆောင်ခဲ့သည့် အကျဉ်းဦးစီး ဝန်ထမ်းများမှာ သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦး၊ ဝန်ထမ်း ဌေးဝင်းလှိုင်တို့ ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသားများကို ခြေကျင်းဒေါက်များကို ၁၄ ရက်အထိ ခတ်ထားကြောင်းသိရပြီး ရေချိုးချိန်၌လည်း ပုံစံခွက်ဖြင့်သာချိုးရပြီး စုစုပေါင်း ၁၅ ခွက်သာ ရေချိုးခွင့်ပြုခဲ့ ကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသူ၊ အကျဉ်းသား ၇၀ ကျော်ကို ပြီးခဲ့သည့် ဇွန် ၁၅ရက် နေ့က မကွေးထောင် နှင့် မြင်းခြံ ထောင်များသို့ ထောင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီလက် အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းများမှာ ထောင်ပြောင်းနိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများကို ဖိနှိပ်မှုများပြုလုပ်နေပြီး ဇွန်လ ၁၅ ရက်နေ့တွင်ပင် ကျိုက်မရော မှ ဒိုက်ဦးထောင်သို့ ထောင်ပြောင်း ရွှေ့ခံရသည့် အကျဉ်းသူ ၄၀ ကျော်ကို အပြင်းအထန်ဒဏ်ရာရရှိသည်အထိ ရိုက်နှက် နှိပ်စက်ကာ တိုက်ပိတ်ခဲ့ကြောင်းလည်း PPNM ထံက သိရသည်။
ဓာတ်ပုံ – PPNM
#မကွေး #ထောင်ပြောင်း #နိုင်ငံရေးအကျဉ်းသား #ရိုက်နှက်နှိပ်စက်ခံရ #တိုက်ပိတ် #အကျဉ်းဦးစီး #Ayeyarwaddy_Times