ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

စစ်ကောင်စီက ယခုမိုးတွင်းစိုက်ပျိုးရေးရာသီအတွက်ဓာတ်မြေဩဇာဈေးသတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် သတ်မှတ်ဈေးအတိုင်းရောင်းချခြင်းမရှိသည့်အပြင် ကောမက် ဓာတ်မြေဩဇာ ပြတ်လပ်နေကြောင်း ဧရာဝတီတိုင်းရှိ တောင်သူများထံက သိရသည်။

စစ်ကောင်စီသတ်မှတ်ဈေးနှုန်းတွင် ဓာတ်မြေဩဇာအမျိုးအစားအလိုက် အနိမ့်ဆုံးဈေး ကျပ် ၇၃,၀၀၀ မှ ၁၂၂,၀၀၀ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် အနိမ့်ဆုံးဈေး ကျပ် တစ်သိန်းမှစတင်ကြောင်း တောင်သူများထံက သိရသည်။

“သူတို့(စစ်ကောင်စီ)ကသတ်မှတ်ထားတာပဲ။ ဒါပေမယ့် ပြောကြကြေးဆို ဓာတ်မြေ ဩဇာရောင်းတဲ့သူတွေကချမ်းသာတဲ့ လူတွေထဲမှာပါတယ်။ အဲဒီတော့သတ်မှတ်ထားတဲ့ ဈေးအတိုင်းပေးပါလားလို့ သွားပြောလို့မရဘူး။ ရောင်းတဲ့ဈေးနဲ့ဝယ်ရတယ်။ ၆ လပိုင်း လလယ်လောက်ကြိုဝယ်ထားတာ အခုဈေးတက်နေပြီ။ ဈေးသတ်မှတ်ထားတာရှိတယ်။ ဆိုင်တွေကလည်း ပြောတယ်။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုနဲ့ပဲလုပ်ရတယ်” ဟု ပုသိမ်မြို့နယ်ရှိ တောင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဆန်စပါးအများဆုံးစိုက်ပျိုးရာ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်မြို့နယ်တွင် စစ်ကောင်စီ ပေါက်ဈေးထက် ဓာတ်မြေဩဇာကိုဈေးမြင့်မားစွာပေးရပြီး ကန့်ကြီးတောင့်မြိုု့နယ်တွင် အာမိုကောမက် ဓာတ်မြေဩဇာ ပြတ်လပ်မှုများရှိနေကြောင်း တောင်သူသမားများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်တွင်ဈေးပေါက်သည့်ဓာတ်မြေဩဇာဈေးနှုန်းများတွင် ကောမက်ပုလဲ ၇၇၅၀၀ ကျပ်၊ အာမို အနက်ကြား ၁၆၅၀၀၀ ကျပ်၊ ပေါ်တစ်ရွှေကျား ၁၁၅၀၀၀ ကျပ် ၊ GT သံကွင်း ၁၂၈၀၀၀ ကျပ်ဈေးပေါက်ပြီး ဓာတ်မြေဩဇာထည့်ရမည့်အချိန်တွင် ပိုမိုဈေးတက်နိုင်မည်ဖြစ်ကြောင်း စပါးစိုက်တောင်သူများက ပြောကြားသည်။

“ ဆိုင်တွေက ဘောင်ချာမပေးတော့ဘူး။ နယ်တွေချပေးရင်တောင် ဘောင်ချာမပေးဘူး။ ဖုန်းလှမ်းဆက် ယူမယ်ဆိုချပေးလိုက်တယ်။ အဲဒီလိုပဲ။ သက်သေအထွက်မခံတော့ဘူး။ ဒါပေမဲ့ အစိုးရ(စစ်ကောင်စီ) ဓာတ်မြေဩဇာကတော့ ရစ်တာတော်တယ်။ ဆန်တို့ စားသောက်ကုန်ကျတော့ပိုရစ်တယ်။ သူက လက်တွေ့ထိတွေ့ရတာကိုး” ဟု ပုသိမ်မြို့နယ်ရှိ တောင်သူတစ်ဦးကလည်း ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပုသိမ်မြို့နယ်နှင့်နယ်နမိတ်ချင်းနီးစပ်သော ကန်ကြီးထောင့်မြို့နယ် (တောင်ပိုင်း) တွင် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကသုံးစွဲရသည့် မြန်မာ့ဩဘာကုမ္ပဏီကထုတ် ကောမက် ဓာတ်မြေဩဇာပြတ်လပ်နေကြောင်း ယင်းဒေသရှိ စပါးစိုက်တောင်သူများက ဆိုသည်။

“အခုရက်ဆေးအိတ်တွေက သိန်းကျော်တယ်။ တီဆူပါကို သိန်းကျော်တယ်။ ပုလဲဆိုရင် ကောမက်ဝယ်လို့မရဘူး။ မြန်မာဩဘာကထုတ်နဲ့ ကောမက်ပေါ့။ အခုဆို အာမိုလည်း ပြန်ပြီးတော့ ဈေးမြင့်နေတယ်။ ကောမက်ကရှားနေတယ်။ ပြင်ပကမသွင်းတော့ဘူး လို့ကြားတယ်။ ဘယ်သူမှ ဝယ်မရဘူးဖြစ်နေတယ်။ သုံးတဲ့ဆေးမှာ ကောမက်က သာတယ်” ဟု ကန်ကြီးထောင့်မြို့နယ်ရှိ တောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသတ်မှတ်ဈေးနှုန်းအတိုင်း ရန်ကုန်အထိုင်ဈေးအဖြစ် ဓာတ်မြေ ဩဇာများကိုရောင်းချပေးကြောင်းနှင့် ပစ္စည်းအရေ အတွက်ရှိသလောက်သာ ရောင်းချနိုင်မည်ဖြစ်ကြောင်း ဓာတ်မြေဩဇာရောင်းချသောကုမ္ပဏီများက ထုတ်ပြန် ထားသည်။

စစ်ကောင်စီသည် ယခုဘဏ္ဍာနှစ်တွင် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်းတင် သွင်းမည်ဖြစ်ပြီး ဧပြီ၊ မေ၊ ဇွန် သုံးလစာအတွက် ဓာတ်မြေဩဇာ တန်ချိန် ၆ ဒသမ ၇၉ သိန်းနှင့် ပိုးသတ်ဆေး တန်ချိန် ၁၀၉၂၂ တင်သွင်းရန်ခွင့်ပြုထားပြီဖြစ်ကြောင်း ယူရီးယားဓာတ်မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီထံက သိရ သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ဧရာ၀တီတိုင်း #စိုက်ပျိုးရာသီ #ဓာတ်မြေဩဇာဈေးတက် #စစ်ကောင်စီသတ်မှတ်ဈေး #ရောင်းခြင်းမရှိ #Ayeyarwaddy_Times