ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

မိုးသည်းထန်စွာရွာသွန်းကြောင့် မြစ်ရေများမြင့်တက်လာရာတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ နန့်ယင်းနှင့် နန့်ကောင်းမြစ်ရေတို့သည် မြို့အသီးသီးရှိ စိုးရိမ်ရေမှတ် အထက်တွင် ရောက်ရှိနေကြောင်းသိရသည်။

ဧရာဝတီမြစ်ရေသည် ဗန်းမော်၊ ရွှေကူနှင့် ကသာမြို့နယ်တို့တွင် မြင့်တက်နေကာ လာမည့် ၁ ရက်အတွင်း ဗန်းမော်တွင် ပေဝက်ခန့်ကျဆင်းမည်ဖြစ်သော်လည်း စိုးရိမ်ရေမှတ်တွင် ရှိနေမည်ဖြစ်သည်။

ရွှေကူတွင်လည်း လာမည့် ၁ ရက်အတွင်း တစ်ပေခန့်မြင့်တက်ကာ စိုးရိမ်ရေမှတ်တွင် ဆက်ရှိနေမည်ဖြစ်ကာ ကသာမြို့တွင် တစ်ပေခွဲခန့်မြင့်တက်ပြီး စိုးရိမ်ရေမှတ်တွင် ရှိနေမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဇူလိုင် ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြောင်းအတိုင်း အောက်ဘက်သို့ဆင်းလာနေပြီး ဗန်းမော် မြို့တွင် မြစ်ကမ်းဘေးနီးနေထိုင်သူများနှင့် အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များ နစ်မြုပ်နေကြောင်းဒေသခံများထံက သိရသည်။

“ ဗန်းမော်မြို့ရပ်ကွက်ထဲကိုရေတွေဝင်လာလို့ မနေ့ကတည်းက ကယ်ဆယ်ရေးတွေ လုပ်နေတယ်” ဟု ဗန်းမော်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ရေကျပြီးနောက် ရွှေကူမြို့သို့ရောက်ရှိမည်ဖြစ်၍ ရွှေ့ပြောင်း နေထိုင်ကြရန်လိုအပ်ကြောင်း သတိပေးထားသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးတွင် လာမည့်တစ်ရက်အတွင်း တစ်ပေခန့်ကျနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိမည်ဖြစ်ပြီး ဟုမ္မလင်းမြို့တွင် တစ်ပေခန့် မြင့်တက်လာမည်ဖြစ်သည်။

ထို့ပြင် ဖောင်းပြင်မြို့တွင် လာမည့် ၃ ရက်အတွင်း သုံးပေခန့်မြင့်တက်နိုင်ပြီး မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့တွင် လာမည့် ၁ ရက်မှ ၃ ရက်အတွင်း စိုးရိမ်ရေအမှတ် ရောက်ရှိနိုင်ကြောင်းသိရသည်။

နန့်ယင်းမြစ်သည် မိုးညှင်းနှင့် မိုးကောင်းမြို့တို့တွင် စိုးရိမ်ရေမှတ်ထက် တစ်ပေခန့် မြင့်တက်လာနိုင်ပြီး အန္တရာယ်ရေမှတ်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

ထို့အတူ နန့်ကောင်းမြစ်သည် မိုးကောင်းမြို့တွင်စိုးရိမ်ရေမှတ်အထက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း တစ်ပေခန့်မြင့် တက်လာနိုင်ကာ စိုးရိမ်ရေမှတ်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်ကာ ပေ ၇ ပေမှ ၁၀ မြင့်တက်လာပြီး ရပ်ကွက်များအတွင်း နေအိမ်များနစ်မြုပ်ကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ရေအနည်းငယ်ကျဆင်းပြီးနောက် ပြန်လည်ထူထောင်ရေးများ ဆောင်ရွက် နေရာတွင် စက်သုံးဆီဈေးနှုန်း အမြင့်ဆုံးရောက်ရှိနေပြီး တစ်လီတာ (ရေသန့်ဗူးတစ်ဗူး) ကို ကျပ် ၂၅၀၀၀ ခွဲပေးရကြောင်း မြစ်ကြီးနားမြို့ရှိ ဒေသခံက ဆိုသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မြစ်ရေကြီး #မြစ်ကြီးများမြစ်ရေတက် #ဧရာဝတီမြစ်ကြောင်းတစ်လျှောက် #ချင်းတွင်း #ရွှေ့ပြောင်းနေထိုင်ကြရန် #Ayeyarwaddy_Times