ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု‌ကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ခြောက်ဦးထပ်မံသေဆုံးပြီး ဆယ်ဦး ထပ်မံဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ဇူလိုင် ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယနေ့ ဇူလိုင် ‌၄ ရက်နေ့၊ နံနက် ၇ နာရီခန့်မှ စတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လားရှိုးမြို့တွင်းရှိ ဒေသခံနေအိမ်အပေါ်သို့ ကျရောက်ပေါက်ကွဲကြောင်းပါဝင်သည်။

လားရှိုးမြို့ ရပ်ကွက် (၉) အတွင်း လက်နက်ကြီးတစ်လုံးကျ‌‌ရောက်ပေါက်ကွဲမှုကြောင့် သားအမိ နှစ်ဦး သေဆုံးပြီး ရပ်ကွက်(၁၁)ရှိ ပညာရေးကောလိပ်အနောက်ဘက်တွင် လက်နက်ကြီးတစ်လုံးထပ်မံကျရာ ဒေသခံ သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရပ်ကွက် (၅)တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ယင်းရပ်ကွက်တွင်း အရပ်သား ၁၀ ဦးထိခိုက် ဒဏ်ရာရရှိကြောင်း ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ရပ်ကွက်(၉)ရှိ အခြေခံပညာရေးကျောင်း မူလွန်(၁၅) ပေါ်သို့ ကျရောက်ပေါက်ကွဲကာ စာသင်ကျောင်းဆောင်ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါကျောင်းသည် တိုက်ပွဲစတင်သည့်နေ့ကစတင်၍ ပိတ်ထားခဲ့သဖြင့် ကျောင်းသူ/သား ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်းထုတ်ပြန်သည်။

ယမန်နေ့ည ဇူလိုင် ၃ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် ရပ်ကွက် (၁) ဗျူဟာလမ်းတွင် တစ်လုံး၊ ရပ်ကွက် (၇) ဂျာမိုင်ရွာတွင် တစ်လုံး၊ ရပ်ကွက် (၁၀) မီးပွိုင့်အနီးတွင် တစ်လုံး၊ ရပ်ကွက် (၁၀) သရဖီလမ်းတွင် တစ်လုံး၊ ရပ်ကွက် (၁၀) တောရကျောင်းအနားတွင် တစ်လုံးကျရောက်ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရပ်ကွက် (၁၁) ဂေါက်ကွင်းတွင် တစ်လုံး၊ရပ်ကွက် (၅) တွင် နှစ်လုံးနှင့် ရပ်ကွက် (၉) တွင် တစ်လုံးနှင့် ရပ်ကွက် (၁၂) လားရှိုးကြီးစျေးအနီး တစ်လုံး ကျရောက်ပေါက်ကွဲကြောင်းသိရသည်။

လက်ရှိတွင်လားရှိုးမြို့ နေထိုင်သူများသည် မန္တလေးတိုင်းအတွင်းသို့ စစ်ဘေးရှောင် သွားရောက်နေထိုင်ကြသူများပြားပြီး အိမ်ခန်း၊တိုက်ခန်းငှားဈေးများမြင့်တက်နေကြောင်းသိရသည်။

ဓာတ်ပုံ-TNLA
#လားရှိုးမြို့တိုက်ပွဲ #PSLF/TNLA #စစ်ကောင်စီ‌ပစ်ခတ် #အရပ်သား၆ဦးသေဆုံး #Ayeyarwaddy_Times