
ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဇူလိုင် ၄ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့ အရှေ့ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက မြို့ဝင်ထွက် သွားလာခွင့်ကို ပိတ်ပင်ထားသည့်အတွက် ဒေသခံများအနေဖြင့် ရိက္ခာ နှင့် ကုန်ပစ္စည်း ပြတ်လပ်မှုများကြုံတွေ့နေရကြောင်း သိရသည်။
မိုးကုတ်မြို့အနောက်ခြမ်း ကြပ်ပြင်ကို TNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက မိုးကုတ်မြို့ အရှေ့နှင့် အနောက် သွားလာသည့်လမ်းများကိုပါ ပိတ်ပင်ထားသည့်အတွက် မြို့အရှေ့ခြမ်းမှ ဒေသခံများမှာ ကုန်ပစ္စည်းရိက္ခာများ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်မားနေကြောင်း သိရသည်။
“မိုးကုတ် အရှေ့ကနေ အနောက်ကိုသွားတဲ့သူတွေ ခုထိပိတ်မိနေကြတုန်းပါ။ မိုးကုတ်က ကုန်ဈေးနှုန်းတက်တော့ အလှူလုပ်ဖို့လည်းလိုနေပြီ။ မြို့ကို အပြင်ကလည်း ဝင်မရဘူး။ ကုန်ပစ္စည်းက စားသုံးဆီ၊ Gas၊ ဓာတ်ဆီ၊ ကြက်ဥတွေနဲ့ ဆေးဝါးအနည်းငယ် လိုအပ်နေတယ်။ ဟင်သီးဟင်းရွက်တွေလဲလိုအပ်နေတယ်။ လျှပ်စစ်မီးလည်း စကစတွေကဖြတ်ထားတာ။ ခု ရေအားလျှပ်စစ် ကိုပဲပေးထားတာ” ဟု မိုးကုတ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မိုးကုတ်မြို့၌ မိုင်တဲဖုန်းကဒ်တစ်မျိုးသာ အသုံးပြု၍ရပြီး ၎င်းဖုန်းကဒ်မှာလည်း တစ်ကဒ်လျှင် ကျပ်သိန်းချီ ပေါက်ဈေးရှိနေပြီး ဝယ်ယူ၍ရနိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။
ထို့ပြင် အခြေခံစားသောက်ကုန်ပစ္စည်းများမှာလည်း အဆမတန်မြင့်မားနေပြီး ကြက်သားတစ်ပိသာ လေးသောင်းကျပ်၊ ဝက်သားတစ်ပိသာလျှင် ငါးသောင်းကျပ်၊ ဖရုံသီးအကြီးတစ်လုံး သုံးသောင်းကျပ်၊မုန်ညင်းတစ်စီးလျှင် လေးထောင်ကျပ်နှင့် ပဲသီးတစ်ပိသာ ခြောက်ထောင်ကျပ် ဝန်းကျင်အထိ ပေါက်ဈေး ရှိနေကြောင်း သိရသည်။
TNLA ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မိုးကုတ်အနောက်ခြမ်းတွင်မူ အခြေအနေငြိမ်သက်လျက်ရှိပြီး စစ်ကောင်စီကပိတ်ဆို့ထားသည့် မိုးကုတ်အရှေ့ခြမ်းတွင်မူ ခိုးမှုများလည်း များစွာဖြစ်ပွားနေကြောင်း သိရသည်။
မိုးကုတ်မြို့အရှေ့ခြမ်းရှိ ရှမ်းကျောင်းဒေသတွင် ယနေ့ ဇူလိုင် ၄လရက်နေ့က နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယမန်နေ့ကလည်း မိုးကုတ်အရှေ့ခြမ်းအနီးရှိ ရွှေသာယာတပ်စခန်းကို TNLA နှင့် PDF-မိုးကုတ်ဗျူဟာမှ စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း TNLA ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#မိုးကုတ် #အရှေ့ခြမ်း #ဒေသခံပိတ်မိ #ကုန်ဈေးနှုးကြီးမြင့် #Ayeyarwaddy_Times