မြရာ/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ နွယ်ရုံလုံခြုံရေးရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့ များက တိုက်ခိုက် သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာရှိ လုံခြုံရေးရဲကင်းစခန်းကို ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး နွယ်ရုံကျေးရွာဘေးရှိ စစ်ကောင်စီ၏ ပင်လယ်ကြီးစစ်ဆေး ရေးဂိတ်ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“နွယ်ရုံက လက်လွှတ်လိုက်ရပြီ။ ခုပင်လယ်ကြီးဘက်ကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ပြင်းထန်ပြီး လေကြောင်းကနေ ပစ်ကူတောင်းနေရတယ်။ နွယ်ရုံတုန်းကလည်း လေကြောင်းပစ်ကူပေးမယ့် အချိန်တိုင်းပေးနိုင်တာမဟုတ်တော့ ပါသွားတယ်။ အခုလည်း ပင်လယ်ကြီးဘက်ကို သာလွန်အင်အားနဲ့ အတိုက်ခံနေရတယ်” ဟု တပ်တွင်းသတင်းရင်း မြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့က စတင်၍ စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာရှိ ရဲကင်းစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် စခန်း သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာသို့ လေကြောင်းမှ နေ၍ ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးများဖြင့်ပါ ပစ်ကူပေးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် နွယ်ရုံကျေးရွာနှင့် အနီးနားရှိ ကျေးရွာများမှ ဒေသခံများ ထောင်ချီ၍ စစ်ရှောင်နေရကြောင်း သိရသည်။

“ပင်လယ်ကြီးစခန်းလည်း အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတယ်။ လေကြောင်းပစ်ကူ လည်းမနိုင်ဘူးဖြစ်နေတယ်။ ဘန်ကာတွေလည်း ပြိုကျကုန်ပြီ။ အခြေအနေမကောင်းဘူး “ဟု သတင်းရင်းမြစ်က ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း မြို့နယ်များတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး) MDY-PDF နှင့်အတူ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

အလားတူ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ် စခန်းအပါအဝင် တပ်စခန်း ရှစ် ခုကို MDY-PDF ကတိုက်ခိုက် သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထား သည်။

ပုံစာ-စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်စဉ်
#မန္တလေး #စဉ့်ကူး #နွယ်ရုံ #ပင်လယ်ကြီး #ရဲကင်းစခန်း #စစ်ဆေးရေးဂိတ် #တိုက်ခိုက်သိမ်းပိုက် #တော်လှန်ရေးတပ်ဖွဲ့ #PDF #Ayeyarwaddy_Times