
မြရာ/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ရှမ်းမြောက်၊ လားရှိုးမြို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ကိုးကန့်တပ်မတော် (MNDAA) က လားရှိုးမြို့အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို သိမ်း ပိုက်လိုက် ကြောင်း သိရသည်။
MNDAA သည် ယနေ့ ဇူလိုင် ၃ ရက် နံနက် ၄ နာရီဝန်းကျင်တွင် လားရှိုးမြို့တွင်းရှိ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်(ရမခ) အတွင်းသို့ ဒရော့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ရှေ့တန်းစခန်းကို သိမ်းလိုက်ပါပြီ။ တပြိုင်နက်ထဲ ထိုးစစ်ဆင်နေတာတွေရှိပါတယ်။ သူတို့(စကစ) ဘက်က လက်နက်ကြီးနဲ့ထုနေတာ ရပ်ကွက်တွေထဲကျတယ်။ လူထိခိုက် သေဆုံးတာတွေရှိပါတယ်” ဟု ရှမ်းမြောက်ရှိ စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။
ယမန်နေ့ ဇူလိုင် ၂ ရက်နေ့ ည ၁၀ နာရီခန့်က စတင်၍ လားရှိုးမြို့အနီး မိုင် ၂၀ ပတ်လည်တွင် စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့နှင့် ၁၆ မိုင်အကွာ နောင်မွန်တွင်တပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ ၅၀၅ (နမ့်လန်)ကို MNDAA ကသိမ်းပိုက်လိုက်ကြောင်း သိရသည်။
MNDAA က ထိုသို့ ဝင်ရောက်တိုက်ခိုက်စဉ် ရှေ့တန်းခြေမြန်တပ်ရင်း ခမရ ၅၀၅ နမ့်လန် တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းခွာ၍ ထွက်ပြေးသွားကြကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကောင်စီ၏ လားရှိုးရှိတပ်စခန်းများမှ လက်နက်ကြီး များဖြင့် ပြန်လည်ပစ်ခတ်ရာ လူနေရပ်ကွက်များနှင့် လားရှိုးမြို့ရှိ ဂေါက်ကွင်းအတွင်းသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် (၁) ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူ ငါးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်၍ ထိခိုက်သေဆုံးမှုများရှိသည်ကို MMDAA တပ်မှပြု လုပ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီထောက်ခံလော်ဘီ ချန်နယ်များက ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များနှင့်တကွ လိမ်လည်ဖော်ပြထားသည်ကို တွေ့ရသည်။
“တိုက်ပွဲက ညကတည်းကဖြစ်နေကြတာ။ စစ်တပ် ဘက်က လူနေရပ်ကွက်တွေထဲ လက်နက်ကြီးတွေ နဲ့ပစ်နေတာ။ မြို့ပေါ်ကလူတွေလည်း အချို့ရှောင်နေကြပြီ။ လောက်ကိုင်ဘက်ကိုတောင် စစ်ရေးသတိ ပေးနေတာတွေရှိတယ်။ လေယာဉ်နဲ့ မဆိုင်တဲ့နေရာ တွေကိုလည်း ပစ်နိုင်တာမို့” ဟု လားရှိုးမြို့နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တစ်ချိန်တည်းတွင်ပင် လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာအနီး နမ္မဗောဒ နမ့်ပေါင်မြို့ ရှောင်လမ်းတို့တွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီက ပြည်ထောင်စုလမ်းမကြီး အပါအဝင် လားရှိုးမြို့အဝင် အထွက်လမ်းများကို ပိတ်ဆို့လိုက်ပြီး စစ်ဆေးရေးတင်းကျပ်လျက်ရှိကြောင်း သိရသည်။
ပုံစာ – လားရှိုးမြို့ရှိ ဂေါက်ကွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကို MNDAA မှပစ်ခတ်သည်ဟုဖော်ပြထားသည့်ပုံ
#ရှမ်းမြောက် #လားရှိုး #ရမခ #MNDAA #ဒရော့ဗုံးကြဲ #စစ်ကောင်စီ #ရှေ့တန်းစခန်း #သိမ်းပိုက်ခံရ #Ayeyarwaddy_Times