နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

ယခင်စစ်ခေါင်းဆောင် သမ္မတဟောင်း ဦးသိန်းစိန်၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် စစ်ကောင်စီက အသုံးချခြင်းဖြစ်ပြီး ၎င်းအနေဖြင့် လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် ဩဇာသက်ရောက်မှုရှိမနေကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

တရုတ်နိုင်ငံ၏ ဖိတ်ကြားမှုဖြင့် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်အဖွဲ့သည် ယခုရက်ပိုင်းအတွင်း ကျင်းပသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် သီးခြားတွေ့ဆုံကာ မြန်မာ့အရေး အခြေအနေကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားခြင်းသည် မြန်မာပြည်နှင့် ဆက်ဆံရေး ကောင်းမွန်ရန် ဖြစ်သလို စစ်ကောင်စီဘက်ကမူ သံတမန်ခင်း လုပ်ငန်းများတွင် ၎င်းတို့မှာ အထီးကျန်နေသည် မဟုတ်ဘဲ လူလိုသူလို ထိုက်ထိုက်တန်တန် ဖိတ်သည့်နိုင်ငံ ရှိသေးသည်ကို ပြသခြင်းဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ဦးသိန်းစိန်ကိုတော့ စစ်ကောင်စီက အခုလိုပဲ နိုင်ငံတကာ မျက်နှာစာမှာ သုံးလို့သင့်တော်တဲ့အခါ ထုတ်သုံးမှာပဲ။ ဦးသိန်းစိန်ကလည်း မင်းအောင်လှိုင်အပေါ်မှာ ဘာဩဇာမှ ရှိမှာမဟုတ်ပါဘူး။ သူတို့အားလုံးက တပ်က အနားယူသွားပြီးရင် ဟန်တွေပန်တွေနဲ့သာ ဆက်ဆံတာ၊ ဘယ်သူကိုမှ သူတို့ခေါင်းထဲ မထည့်ပါဘူး။ အဲဒီတော့ ဦးသိန်းစိန်ကို သုံးချင်တဲ့အခါ ထုတ်သုံးမယ်။ ဒါပေမယ့် ဦးသိန်းစိန် ဘာပြောပြော သူလက်ခံမှာ မဟုတ်ဘူး“ ဟု ဒေါက်တာ လှကျော်ဇောက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သော သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်အဖွဲ့ကို စစ်ကောင်စီက အထူးလေယာဉ် စီစဉ်ပေးခဲ့ပြီး စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးလွင်ဦး စသည့်အဆင့်မြင့် အရာရှိများက နေပြည်တော် လေဆိပ်တွင် ပို့ဆောင်ခဲ့သလို လာကြိုဆိုကြကြောင်း သိရသည်။

“ထူးခြားချက်က ဦးသိန်းစိန် မြန်မာပြည်က သွားတဲ့အခါမှာ စစ်တပ်ကနေပြီး လေယာဉ်စီစဉ်ပေးတဲ့ ကိစ္စပေါ့။ လိုက်ပို့တဲ့အခါမှာလည်း လက်ရှိစစ်ကောင်စီရဲ့ အကြီးအကဲတွေလည်း ပါတယ်ဆိုတော့ ဒါအရေးပါတဲ့ ခရီးစဉ်တစ်ခုလို့ ယူဆနိုင်ပါတယ်။ အစိုးရချင်းမဟုတ်တဲ့ တစ်နည်းတစ်ဖုံအားဖြင့် ဆက်ဆံရေး၊ သံတမန်ရေး ပြန်တည်ဆောက်တယ်လို့ ယူဆနိုင်ပါတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန်သည် ၎င်းခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် သီးခြားတွေ့ဆုံကာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာ့ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

တရုတ်အစိုးရသည် လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ကြားဘဲ သမ္မတဟောင်း ဦးသိန်းစိန်ကိုသာ ဖိတ်ခေါ်ခြင်းသည် စစ်ခေါင်းဆောင်အပေါ် တရုတ်အစိုးရအနေဖြင့် သဘောမကျသော အနေအထားတချို့ ရှိနေသည်ဟု အကဲခတ်၍ရပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်သည် ဆိုခြင်းအပေါ် အယုံအကြည်မရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ဘာကြောင့်လည်းဆိုတော့ ဒီခရီးစဉ်က မူကြီး ငါးချက် ထူထောင်တဲ့ နှစ် ၇၀ မြောက် အခမ်းအနားပဲ ဖိတ်တာဖြစ်တယ်။ စစ်ကောင်စီက စစ်ဘက်နဲ့ ပတ်သက်တဲ့ အရာရှိလည်း မပါပါဘူး။ ဝန်ကြီးတစ်ဦးပဲ ပါပါတယ်။ ဒါကြောင့်မို့ မြန်မာပြည် အရေးကိစ္စ၊ အစိုးရအပြောင်းအလဲကိစ္စ၊ အခုဖြစ်နေတဲ့ ၁၀၂၇ တားဆီးပေးရေး ဘာညာဆိုတဲ့ ကိစ္စတွေဟာ ဒီအုပ်စုနဲ့ ဆွေးနွေးလောက်တဲ့ ကိစ္စတွေ မဟုတ်ဘူးလို့ ယူဆပါတယ်” ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

ယင်းခရီးစဉ်မတိုင်ခင် ပြီးခဲ့သော ဇွန် ၂၆ ရက်ကလည်း တရုတ်သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်ကို လာရောက်၍ သမ္မတဟောင်း ဦးသိန်းစိန်နှင့် တွေ့ဆုံကာ မြန်မာ့အရေး အခြေအနေနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ)ဌာန ညွှန်ကြားရေမှူးချုပ် Peng Xiubin သည်လည်း ၂၀၂၃ ဧပြီ ၁၈ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်၍ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် တွေ့ဆုံကာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့အရေး အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတဟောင်း ဦးသိန်းစိန်၏ တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းဆိုနိုင်သော်လည်း ၎င်းအနေဖြင့် စစ်ခေါင်းဆောင်အပေါ် ဩဇာရှိပုံမရသလို နိုင်ငံတကာ ဆက်ဆံရေးတွင် စစ်ကောင်စီအနေဖြင့် အထီးကျန်ခြင်းမရှိကြောင်း ပြသလိုခြင်းကြောင့် အသုံးချခြင်းသာဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဆိုသည်။

“အခုချိန်ထိတော့ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြီးတွေ့ပေးဖို့ စဉ်းစားမယ် မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကြိုက်တဲ့စကား ပြောမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ကို အခုထိ ထုတ်သုံးဖို့ သူတို့ရည်ရွယ်ပုံ မရပါဘူး။ အခုချိန်ထိ စစ်ကောင်စီက သူတို့ ဒီအတိုင်း ဆက်ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်သွားရင် သူတို့အနိုင် ရနိုင်ဦးမယ်လို့ တွက်နေပုံရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန်သည် လက်ရှိစစ်ခေါင်းဆောင်နှင့် အခြေခံအားဖြင့် မကွာလှသလို ၎င်းနှင့် ပတ်သက်သော ကိစ္စရပ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်စပ်ပတ်သက်စရာအကြောင်း သိပ်မရှိကြောင်း၊ အကယ်၍ ၎င်းကသာ ကြားဖြတ်အစိုးရမျိုး အကောင်အထည် ဖော်နိုင်ပါက စကား ပြောဆိုခြင်းများ ဖြစ်ကောင်းဖြစ်လာနိုင်ပြီး လက်ရှိတွင်မူ ပြောရန်စောသေးကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ထောက်ပြသည်။

ဓာတ်ပုံ- တရုတ်သံရုံး
#တရုတ်ခရီးစဉ် #သမ္မတဟောင်းဦးသိန်းစိန် #အသုံးချ #စစ်ခေါင်းဆောင် #ဩဇာသက်ရောက်မှု #Ayeyarwaddy_Times