ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဘားတောင်းတောင်အနီးရှိ မြုံပြင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဇူလိုင် ၂ရက်နေ့ မနက် ၁နာရီခန့်တွင် လေကြောင်းမှနေ၍ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ငါးဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“အိပ်နေချိန်ကြီး ဗုံးလာကြဲတာ တိုက်ပွဲလည်းမရှိဘူး။ အနီးနားမှာလည်း စစ်တပ် တပ်စွဲထားတဲ့ ဘားတောင်းတောင်ပဲရှိတာ သေဆုံးတာတော့မရှိဘူး။ ငါး ယောက်တော့ ဒဏ်ရာပြင်းထန်တယ်ကြားပါတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြုံပြင်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးသီး ၃လုံး လာရောက်ကြဲချခဲ့ပြီး တစ်လုံးမှာ ကျေးရွာအတွင်း ပေါက်ကွဲခဲ့သောကြောင့် ဒေသခံများနှင့် နေအိမ်များ ထိခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သံတွဲမြို့နယ်တွင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ခမရ ၅၆၆မှ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာကာ ကစဉ့်ကလျားထွက်ပြေးနေကြသည့်အတွက် အာရက္ခ တပ်တော် (AA) က လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၃ရက်နေ့တွင် AA က သံတွဲလေဆိပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး လေဆိပ်အတွင်း ခိုအောင်းနေသော တပ်ဖွဲ့ဝင်များကို ရှင်း လင်းနေကြောင်း သိရသည်။

စစ်ကောင်စီက သံတွဲမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုများနေ့စဉ်နီးပါး ပြုလုပ် နေသည့် အတွက် အရပ်သားထိခိုက်မှုများ များပြားနေကြောင်း သိရသည်။

ပုံစာ- စစ်ကောင်စီဗုံးဒဏ်ကြောင့် ပျက်စီးနေသည့် မြုံပြင်ရွာမှ နေအိမ်များ
#သံတွဲ #မြုံပြင်ကျေးရွာ #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #ဒေသခံ၅ဦး #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times