မြရာ/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

ရှမ်းမြောက်၊ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာနှင့် မိုင်းရယ်မြို့ကြားရှိ (နမ့်ပေါင်) နမ္မဗောဒကျေးရွာတံတားကို MNDAA က ထိန်းချုပ်လိုက်ပြီး မြို့အတွင်းတွင် လက်နက်ကြီးသံများဖြင့် ဆူညံနေကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းအချိန်ကစ၍ စစ် ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်(ရမခ)ရှိ အမြောက်တပ်၊ ခလရ-၄၁ ၊ ခလရ-၆၈ စခန်းတို့မှ တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက် နေသည့်အတွက် မြို့အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိနေကြောင်း သိရသည်။

စစ်ကောင်စီက ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ မြို့ဝင် မြို့ထွက်လမ်းများကို ပိတ်ဆို့လိုက်ပြီး မြို့တော်ခန်းမပတ်ချာလည် ရပ်ကွက် (၂) နှင်းဆီလမ်း၊ Golden Hill Hotel ထိပ်ကစ၍ အမြောက်တင်တင့်ကား၊ သံချပ်ကာကားများဖြင့် ပိတ်ဆို့လိုက်ကြောင်း ဒေသခံများထံက သိရသည်။

“ဆေးရုံရှေ့က ဆိုင်တွေအကုန်ပိတ်ထားတယ်။ မန္တလေးလမ်းမကြီးတလျှောက်မှာ ဆေးဆိုင် နှစ်ဆိုင်နဲ့ ဆန်ဆိုင်တစ်ဆိုင်ကလွဲပြီး ကျန်တာတွေပိတ်ပြီး ပြန်ကုန်ကြပြီ။ သုခလမ်းနဲ့ ညဈေးတန်းလမ်းတွေမှာလည်း ဘယ်သူမှမရှိတော့ဘူး။ လက်နက်ကြီးနဲ့ ဒရော့ ဗုံးတွေလည်း အပြန်အလှန်ပစ်နေကြလို့ မြို့ထဲဘယ်သူမှ မထွက်ရဲတော့ဘူး။ စစ်တပ်ကလည်း မြို့ကိုသံ ချပ်ကာကားတွေနဲ့ ပိတ်ပြီးတားထားလို့ စစ်ရှောင်ချင်တဲ့သူတွေ ထွက်မရဘဲ ပိတ်မိနေကြတယ်”ဟု လားရှိုး မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် မြို့အဝင်အထွက် အသုံးဝင်သည့်လမ်း ကြားများတွင်ပါ တင့်ကားနှင့် သံချပ်ကာကားများကို ရပ်ထားပြီး လုံခြံရေးအင်အားအများအပြားချထား ကြောင်း သိရသည်။

MNDAA တပ်နှင့် စစ်ကောင်စီတပ်တို့သည် လားရှိုးမြို့နှင့် ၁၀ မိုင်ခန့်အကွာ လားရှိုး-မိုင်းယော်လမ်းရှိ မိုင်းတင်တပ်စခန်း၊ လားရှိုး-သီပေါလမ်းရှိ မန်စံရေ ကျတပ်စခန်း၊ လားရှိုး-မိုင်းရယ်လမ်းရှိ နမ့်ပေါင်တပ် စခန်း၊ လားရှိုး-နမ္မတူလမ်းရှိ ညောင်ကုန်းတပ် စခန်းတို့ကို ယမန်နေ့ ဇူလိုင် ၂ ရက်နေ့ ည ၁၁ နာရီခန့်မှစတင်ပြီး တိုက်ခိုက်နေ ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ရှော့တိုက်ဒုံးများပစ်ခတ်မှုကြောင့် မြို့ပေါ် အမှတ် ၁ ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၁၄ နှစ်မှ အသက် ၇၀ အရွယ်အတွင်း ဒေသခံအရပ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ်ရှိ ဈေးဆိုင်များနှင့် မြို့မ ဈေးကြီးတွင် ဆိုင်ခန်းများ ပိတ်ထားပြီး ဒေသခံများ သွားလာလှုပ်ရှားမှုမရှိသလောက် နည်းပါးသွားကြောင်း သိရသည်။

ဓာတ်ပုံ- Lashio Media
ပုံစာ-နမ့်ပေါင်စစ်ကောင်စီတပ်စခန်းမြင်ကွင်း
#ရှမ်းမြောက် #လားရှိုး #တိုက်ပွဲ #ပြင်းထန် #နမ့်ပေါင် #MNDAA #ထိန်းချုပ် #Ayeyarwaddy_Times