
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ၎င်းတို့လိုချင်သော ပုံသဏ္ဍာန်မျိုး ဘောင်သွင်းမရသည့်အတွက် ရခိုင်အမျိုးသားပါတီ (ANP)၏ နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားမှုကို ရည်ရွယ်ချက်ရှိရှိ ပယ်ဖျက်ခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါပါတီ တာဝန်ရှိသူများထံက သိရသည်။
ရခိုင်အမျိုးသားပါတီ (ANP) သည် ရခိုင်ပြည်နယ်တွင် အင်အားကြီးပါတီ တစ်ခုဖြစ်ပြီး စစ်ခေါင်းဆောင် ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင် လျှောက်ထားခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဇူလိုင် ၁ ရက်နေ့တွင် ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
အဆိုပါမှတ်ပုံတင် လျှောက်ထားမှုကို ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ UEC အနေဖြင့် ခေါ်ယူတွေ့ဆုံခြင်း၊ တရားဝင် အကြောင်းကြားစာ ပေးပို့ခြင်းတို့မရှိဘဲ စစ်ကောင်စီဝါဒဖြန့် သတင်းစာနှင့် TV ရုပ်သံတို့တွင် ကြေညာမှသာ သိရှိရကြောင်း ANP ပါတီ အထွေထွေအတွင်းရေးမှူးခိုင်ပြည်စိုးထံက သိရသည်။
“UEC မှာက နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့အခါမှာ ဘောင်တွေစည်းတွေ ပါလိမ့်မယ်။ ဆိုလိုတာက သူတို့ လိုချင်တဲ့ ပါတီတွေ၊ အသိုင်းအဝိုင်းတွေကို တည်ဆောက်ဖို့အတွက် နိုင်ငံရေးအင်အားစုတစ်ခုကို လုပ်နေတဲ့သဘောရှိတယ်။ တချို့ပါတီတွေ အထူးသဖြင့် ကျွန်တော်တို့လို မှတ်ပုံတင် မကျပေးသေးတဲ့ ပါတီတွေဟာ သူတို့လိုချင်တဲ့ ပုံသဏ္ဍာန်မျိုးကို ဘောင်သွင်းလို့ မရတဲ့အတွက်ကြောင့် ပယ်ဖျက်တဲ့ သဘောလည်း ဖြစ်နိုင်တယ်” ဟု ANP ပါတီ အထွေထွေအတွင်းရေးမှူးခိုင်ပြည်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ UEC ကမူ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ် ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိဟု တွေ့ရှိရသဖြင့် ယင်းပါတီ၏ ပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။
နိုင်ငံရေးပါတီ မှတ်ပုံတင်ရာတွင် ပါတီဖောင်ဒါများ၏ လက်မှတ်ပါရှိပြီး ထိုအထဲ၌ ၎င်းတို့ သတ်မှတ်ထားသော တရားမဝင် အသင်းအဖွဲ့များနှင့် ငြိစွန်းသူများ ပါဝင်နေလျှင် မည်သူမည်ဝါအား ပါတီမှ ထုတ်ပေးရန် (သို့မဟုတ်) ပြန်လည်အသစ်ဖွဲ့စည်းရန် UEC က ညွှန်ကြားရမည်ဖြစ်ပြီး ထိုကဲ့သို့ မဟုတ်ဘဲ ပါတီကို ပယ်ဖျက်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း ANP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဖေသန်းက ဆိုသည်။
“အရင်ပါတီဟောင်းက ပုဂ္ဂိုလ်တွေပေါ့နော်၊ သူတို့ကြိုက်ရာလမ်းကို ရောက်သွား တာတွေရှိတယ်။ ဥပမာ- ဒေါ်အေးနုစိန်တို့ဆိုရင် စကစ(စစ်ကောင်စီ)အဖွဲ့မှာ ဝင်လုပ်သွား တာပေါ့။ အချို့သူတွေလည်းပဲ တော်လှန်ရေးလမ်းကြောင်းကို ရောက်သွားတာ တွေရှိတယ်။ တချို့လူတွေလည်းပဲ ဘာမှမလုပ်ဘဲ ဘေးထိုင်နေတာတွေရှိတယ်။ ဆိုတော့ ဒါက လူတွေလေ၊ လူတွေဆိုတာကတော့ အမျိုးမျိုးရှိမှာပေါ့။ လူတွေနဲ့ ပါတီနဲ့ ဘာမှ မဆိုင်ဘူး“ ဟု ဦးဖေသန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်က ပြင်ဆင်ပြဌာန်းခဲ့ပြီး လက်ရှိတွင် ယင်းဥပဒေအရ ပါတီအဖြစ် ဆက်လက်တည်ထောင်၊ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၅၀ အပါအဝင် စုစုပေါင်း ၆၇ ပါတီကို UEC က ခွင့်ပြုထားကြောင်း သိရသည်။
“နိုင်ငံရေး ပါတီတွေဆိုတာ ဒီနေ့အချိန်မှာ ရပ်တည်ရတာက ပိုပြီးတော့ ခက်ခက်ခဲခဲ ရှိလာတယ်။ မြန်မာ့နိုင်ငံရေးမှာလည်း နိုင်ငံရေး အခင်းအကျင်းဟာ ပျောက်ကွယ်နေတဲ့ သဘောရှိတယ်။ အဲဒီတော့ ဒီလိုတရားဝင် ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတွေကို ဥပဒေကြောင်းအရ ပယ်ဖျက်တယ်ဆိုအခါမှာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာမယ့် နည်းလမ်းတွေဟာ ဝေးသထက် ဝေးကွာသွားပြီလို့ပဲ ကျွန်တော်တို့က မှတ်ချက်ပြုချင်ပါတယ်” ဟု ANP ပါတီ အထွေထွေအတွင်းရေးမှူး ခိုင်ပြည်စိုးက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ပြန်လည် လျှောက်ထားခြင်းမရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ပါတီသစ်တည်ထောင်လိုပါက ဆက်လက်လျှောက်ထား နိုင်ကြောင်း ကြေညာထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကောင်စီ #လိုချင်သည့်ပုံသဏ္ဍာန် #ပါတီမှတ်ပုံတင်ခွင့် #ပယ်ဖျက် #ANPပါတီ #Ayeyarwaddy_Times