
မြရာ/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က နွယ်ရုံ ရဲကင်းခစန်းအပါအဝင် တပ်စခန်း ခြောက် ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ဒိုးနွယ်ရွာတပ်စခန်း၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည်ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီတပ် စခန်း၊ ရွာတော်လေးတပ်စခန်းနှင့် နွယ်ရုံရဲစခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း MDY- PDF က ထုတ်ပြန်သည်။
စဉ့်ကူးမြို့နယ် စစ်ဆင်ရေးတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်မျိုးစုံ ၄၀ ကျော်နှင့် ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး)MDY-PDF ကို စဉ့်ကူးမြို့နယ် ပကဖမှလည်း ထောက်ပို့ဆိုင်ရာ ကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးလျှက်ရှိကြောင်း သိရသည်။
MDY-PDF အနေဖြင့် စဉ့်ကူးမြို့နယ်အတွင်းရှိ သတ် မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုး စစ်ဆင် တိုက်ခိုက်လျှက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် MDY-PDF သည် နွယ်ရုံကျေးရွာအနီးရှိ စစ်ကောင်စီ၏ ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-MDY-PDF
#မန္တလေး #စဉ့်ကူး #နွယ်ရုံ #ရဲစခန်း #တပ်စခန်း၆ခု #MDYPDF #သိမ်းပိုက် #Ayeyarwaddy_Times