
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် စစ်မှုဥပဒေဖြင့် စစ်မှုထမ်းဆောင်ရန်အသက်ပြည့်သူများအား စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ငွေတောင်းခံမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မြို့ပေါ်ရပ်ကွက်များတွင် အသက်ပြည့်သူများအား ငွေကောက်ခံမှုနည်းသော်လည်း ကျေးရွာများတွင် အသက်ပြည့်သည့် အမျိုးသားများကို တဦး ၁ သိန်းထိကောက်ခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများမှ ပြောသည်။
” ကျေးရွာတွေမှာ ကောက်တာများတယ်၊ မြို့ပေါ်မှာတော့ သိပ်မကောက်ရဲပါဘူး။ ကျေးရွာဘက်တော့ တယောက် တစ်သိန်းပေးရတယ်ဆိုတာမျိုး ကြားတယ်”ဟု လေးမျက်နှာမြို့ခံ အမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကျေးရွာများတွင် စစ်မှုထမ်းဖို့ အသက်ပြည့်သူများကို ငွေကောက်ခံသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး တကြိမ်ကို အသက်ပြည့်သူ တဦးအား ငွေ ၁ သိန်းထိ ကောက်ခံခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင်းက ကျေးရွာအများစုတွင် စစ်မှုထမ်းဥပဒေအကြောင်းပြကာ ငွေကြေးကောက်ခံလေ့ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
#လေးမျက်နှာမြို့ #စစ်မှုထမ်းဥပဒေ #ငွေတောင်း #Ayeyarwaddy_Times