
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းအနီး ပင်လယ်ပြင်တွင် ဒေသခံများ ရေလုပ်ငန်း လုပ်ကိုင်မှုကို စစ်ကောင်စီက စက်တင်ဘာလအထိ နှစ်လခွဲ ကြာ ပိတ်ပင်မည်ဖြစ်ကြောင်း သိရသည်။
မဒဲကျွန်းရေနံတင်ချ ဆိပ်ကမ်းကို ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာ နိုင်ရန်အတွက် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများလုပ်ဆောင်မည် ဖြစ်သဖြင့် ဒေသခံများ ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ကိုင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေလုပ်ငန်းလုပ်ပိုင်ခွင့်ကို ပိတ်ထားတာ မတ်လထဲက ပိတ်ထားတာ။ အခုလည်း ထပ်တိုးပိတ်တယ်ဆိုပြီး စာထပ်ထုတ်လာတယ်။ ဘာမှလုပ်ကိုင်စားသောက်ခွင့် မရတော့ဘူး။ မဒဲကျွန်းပေါ်က ကျေးရွာတွေမှာ ငတ်တဲ့သူက ငတ်နေပြီ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေလမ်းကြောင်းပြုပြင်ခြင်းလုပ်ဆောင်မည့် ဇူလိုင် ၁၅ရက်မှ စက်တင်ဘာ ၃၀ရက်နေ့အထိ လုပ်ငန်းကြန့်ကြာမှုမရှိစေရန် လုပ်ငန်းခွင်ဧရိယာမှ ၅၀၀မီတာပတ်လည် အတွင်းနှင့် ရာသီဥတုဘေးအန္တရာယ်ခိုလှုံမည့်နေရာ၏ ဧရိယာမှ ၂၅၀မီတာ ပတ်လည် အတွင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်လိုက်ကြောင်း ယမန်နေ့ ဇူလိုင် ၂ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
၎င်းတို့သတ်မှတ်ထားသည့် ဧရိယာအတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္မာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ် နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန် ရေကြောင်း သတိပေးချက်ကို စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို စစ်ကောင်စီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် South-East Asia Crude Oil Pipeline Company Limited က လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့မှစ၍ မေ ၁၆ ရက်အထိ ဆိပ်ကမ်းရေလမ်းကြောင်းပြုပြင်ရန်ဆို သည့်အကြောင်းပြချက်ဖြင့် ဒေသခံများ၏ ရေလုပ်ငန်း လုပ်ပိုင်ခွင့် ပိတ်ပင်ခဲ့သည်။
စစ်ကောင်စီက အဆိုပါ ပင်လယ်ပြင်ရေလုပ်ငန်းလုပ်ပိုင်ခွင့်ကို ပိတ်ပင်ထားသည့်အပြင် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတချို့ကိုလည်း ကုန်းလမ်း၊ ရေလမ်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ အုန်းတော၊ ဂုံချွိန်၊ ပြိုင်စစ်ကေ၊ နှမ်းဖဲတောင်၊ အောင်စေတီအစရှိသည့်ကျေး ရွာများ၏ ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။
ထိုသို့စစ်ကောင်စီက ပိတ်ပင်ထားမှုများ ပြုလုပ်ထားသည့်အတွက် အခြေခံစားသောက် ကုန်များပြတ်လပ်နေပြီး အရေးပေါ်ဆေးဝါးနှင့် အခြားစားနပ်ရိက္ခာများ ကို ဈေးကြီးပေး ဝယ်ယူနေရကြောင်း သိရသည်။
#ရခိုင် #ကျောက်ဖြူ #မဒဲကျွန်း #ရေလမ်းကြောင်း #ပြုပြင် #ဒေသခံ #ပင်လယ်ပြင် #ရေလုပ်ငန်း #အသုံးပြုခွင့်မရ #Ayeyarwaddy_Times