ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအကူအညီသစ် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကို အမေရိ ကန်နိုင်ငံက မကြာမီ ကြေညာမယ်လို့ ပင်တဂွန်မှာ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရုစတမ်အူမာရော့ဗ် နဲ့ တွေ့ဆုံစဉ် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကတိပြုလိုက်ပါတယ်။

ရုရှားကျူးကျော်စစ် နှစ်နှစ်ကျော်ကြာမြင့်လာချိန်မှာ နေတိုးအဖွဲ့သို့ပူးပေါင်းမယ့် ယူကရိန်းရဲ့ မျှော်မှန်းချက်တွေကိုလည်း အော်စတင်က ထောက်ခံခဲ့ပါတယ်။

“ယူကရိန်းနိုင်ငံအတွက် နေတိုးအဖွဲ့ဝင်ဖြစ်ရေး တံတားတစ်စင်းတည်ဆောက်မယ့် ခြေလှမ်း တွေ ကျွန်တော်တို့ ဆောင်ရွက်ပါမယ်” လို့ ဝါရှင်တန်မြို့တော်မှာ နောက်အပတ်အတွင်းကျင်းပမယ့် နေ တိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲကိုရည်ညွှန်းပြီး သူက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ မကြာခဏဆိုသလို ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေကို တုံ့ပြန်မယ့် လေ ကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်း တာဝန်ရှိသူတွေက မဟာမိတ်တွေကို တိုက်တွန်းနေတာ လချီကြာမြင့်ပြီဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်မယ့် စစ်လက်နက်တွေထဲမှာ တင့်ဖျက်လက်နက်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပါဝင်မှာဖြစ်ပြီး NASAMS နဲ့ ပက်ထရီးယော့ဒုံးခွင်းစနစ် ဝယ်ယူ ခွင့်ပြုမယ်လို့ အော်စတင်က ပြောပါတယ်။

“ယူကရိန်းအတွက် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ကြေးရှိ လုံခြုံရေးအကူအညီသစ်ကို အမေရိ ကန်နိုင်ငံက မကြာမီ ကြေညာမှာကို ကျွန်တော် ဂုဏ်ယူပါတယ်” လို့ ၎င်းက ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ယူကရိန်းသို့ ဒေါ်လာ ၅၀ ဘီလီယံကျော် စစ်ရေးအ ကူအညီ ထောက်ပံ့ပေးခဲ့ပေမယ့် နိုဝင်ဘာလ ၅ ရက် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်သာ အနိုင် ရရှိပါက ယူကရိန်းအတွက် အနာဂတ်မှာ အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ဖြစ် လာစေနိုင်ပါတယ်။

ကိုးကား – Reuters
Ref; US set to announce over $2.3 billion arms package for Ukraine, Pentagon says

#Ayeyarwaddy_Times