
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
Eleven (အလဲဗင်း) သတင်းဌာန၏ အယ်ဒီတာချုပ်ဟောင်းဖြစ်သူ ကိုဝေဖြိုးနှင့် ၎င်း၏အဖွဲ့ဝင် ရှစ် ဦးကို မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။
ကိုဝေဖြိုးခေါ် ဝေမင်းဖြိုး(ခ) အုန်းအုန်းနိုင် အပါအဝင် လူ ရှစ် ဦးကို မူးယစ်ဆေးဝါးများ သယ်ဆောင်မှုဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ယနေ့ဇူလိုင် ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း တောင်ဇင်အေးစစ်ဆေးရေးဂိတ်တွင်စစ်ဆေးခဲ့ရာ ပျဉ်းမနားမှ ရေနီဘက်သို့ မောင်းနှင် လာသည့် လိုက်ထရပ်ကားပေါ်တွင် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်း သယ်ဆောင်လာသည့် မူးယစ်ဂိုဏ်းအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ပျဉ်းမနားဘက်မှ မောင်းနှင်လာသည့် ကိုဇေယျာကျော်နှင့် ကိုဟိန်းကျော်မင်း လိုက်ပါလာသည့် လိုက်ထရပ်ကားပေါ်တွင် ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ကလောမှ ရန်ကုန်သို့သယ်ဆောင်ရန် လုပ်ဆောင်ထားခြင်း ဖြစ်သည်ဟု သိရသည်။
ကလောမှ ပျော်ဘွယ်သို့ မူးယစ်ဆေးဝါးသယ် ဆောင်ရာတွင် ပူးပေါင်းပါဝင်သည် ဟုဆိုကာ ကိုမြတ်ပိုင်သူ၊ ကိုဖြိုးစည်သူဟိန်းနှင့် ကိုအောင်အောင်(ခ)အောင်ကြီး တို့ကို ရမည်းသင်းမြို့နယ်တွင်လည်းကောင်း၊ နောက်ထပ်ပါဝင်သည့် မနွယ်နီသင်း၊ ကိုရဲဒွေးလှိုင်(ခ)ဗလနှင့် ကိုမြင့်အောင်တို့ သုံး ဦးကို ပျဉ်းမနားမြို့ ရွာကောက်ရပ် ကွက်အတွင်းရှိ မိုတယ်တစ်ခုတွင် ကားနှစ်စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဆက်လက်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌ စီမံဆောင်ရွက်ခေါင်းဆောင် သူ ကိုဝေဖြိုးကို ရန်ကုန်၊ ရွှေပြည်သာမြို့နယ် (၁) ရပ်ကွက်တွင် ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းအတွင်းသို့ ဂိုဏ်းဖွဲ့ သယ်ဆောင်မှုအဖြစ် ကိုဝေဖြိုးအပါအဝင် လူ ကိုး ဦးကို ဆက်လက်အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
#Eleven #သတင်းအယ်ဒီတာချုပ်ဟောင်း #ကိုဝေဖြိုး #မူးယစ်ဆေးသယ်ဆောင် #ဂိုဏ်းခေါင်းဆောင် #ဖမ်းဆီးခံရ #Ayeyarwaddy_Times