
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
စစ်ကောင်စီက ယခု ဇူလိုင်လအတွက် အခြေခံဆန်ဈေးနှုန်းထုတ်ပြန်ရာတွင် ရွှေဘို ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဆန်များဈေးနှုန်းမှာ ယခင်လအတိုင်းဖြစ်ပြီး ဧည့်မထဆန် အမျိုးအစားဈေးအနည်းငယ်ကျကြောင်းသိရသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဇူလိုင် ၂ ရက်နေ့တွင် သင့်တင့်မျှတသောဆန်ဈေးထုတ်ပြန်ရာ ဆန်ကြမ်းမှ ဆန်အချောထိ ဆန်တစ်အိတ်လျှင် ကျပ် ၆၉,၀၀၀ မှ ကျပ် ၁၄၅,၀၀၀ ကြားသတ်မှတ်ကြောင်း ထုတ်ပြန်သည်။
ထို့ပြင်ဈေးဝယ်စင်တာများတွင် ဆန် ၁ ကီလိုဂရမ် ရွှေဘိုပေါ်ကို ဆန်းကျပ် ၃,၅၀၀ မှ ၃,၈၀၀ ကျပ်ကြား၊ ဧရာဝတီပေါ်ဆန်း ကျပ် ၃၀၀၀ မှ ၃၃၀၀ ကျပ်ကြား၊ ရက် ၉၀ ဧည့်မထ ကျပ် ၂,၂၀၀မှ ၂,၅၀၀ ကျပ်ကြား ဈေးသတ်မှတ်လိုက်သည်။
ပြည်ပတင်ပို့သည့်ဆန်းကြမ်းအုပ်စုဝင်များဖြစ်သည့် ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်ဆန်များ၏ ဆန်တစ်အိတ်ဈေးနှုန်း သတ်မှတ်ရာတွင် ကျပ် ၆,၉၀၀ မှ ၈၈,၀၀၀ ကျပ်ကြားရှိသည်။
ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းစားသုံးမှုရှိသည့်ဆန်အုပ်စုဝင်များ ရက် ၉၀၊ မနောသုခ၊ ဇီယာဆန်များ၏ ဆန်တစ်အိတ်ဈေးနှုန်း ကျပ် ၈,၀၀၀၀ မှ ၉,၀၀၀၀ ကျပ်ကြား သတ်မှတ်ထားသည်။
ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းတို့မှထွက်ရှိသည့် စားသုံးမှုများသောဧရာမင်း၊ အညာသား၊ ပခန်း၊ မှော်ဘီ ၂ ၊မှော်ဘီ ၃၊ လုံးသွယ်မွှေးတစ်အိတ်လျှင် ဆန် ကျပ် ၉၀,၀၀၀ (ကိုးသောင်း) မှ ၁၀၀,၀၀၀ (တစ်သိန်း) ကျပ်ကြားသတ်မှတ်ထားသည်။
ထို့ပြင် မန္တလေး၊မကွေး၊ စစ်ကိုင်း၊ နေပြည်တော်အပါအဝင် အထက်မြန်မာပြည်မှ ထွက်သော ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတောဆန်များ ကျပ် ၁၂၀,၀၀၀ မှ ၁၃၀၀၀၀ ကျပ်ကြားသတ်မှတ်ကြောင်းသိရသည်။
ဆန်ချောအုပ်စုဝင် ပေါ်ဆန်းအုပ်စု ( ဧရာဝတီပေါ်ဆန်းများ) ကျပ် ၁၁၀,၀၀၀မှ ၁၂၀,၀၀၀ ကျပ်ကြား၊ ပေါ်ဆန်းအုပ်စု ဘေးကြား ကြားပျံ ကျပ် ၁၂၀,၀၀၀ မှ ကျပ် ၁၃၀, ၀၀၀ ကျပ်ကြား၊ ရွှေဘိုပေါ်ဆန်း ပထမတန်း ကျပ် ၁၄၀,၀၀၀ မှ ၁၄၅,၀၀၀ ကျပ်ကြားနှင့် ဒုတိယတန်း ကျပ် ၁၃၅,၀၀၀ မှ ကျပ် ၁၄၀,၀၀၀ ကြားရောင်းချရမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချသည့်ဆန်များသည် အရည်အသွေး ညံ့၍ ပြင်ပပေါက်ဈေးပုံမှန်ဈေးအတိုင်း ဝယ်ယူရသည့်ဆန်များက အရည်အသွေး ကောင်းကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။
” အရောင်းအဝယ်ကတော့ ပုံမှန်မှာနေကျ ဖောက်သည်တွေဆီပဲ ပို့ပေးသေးတယ်။ လူသစ်အမှာတွေ မရောင်းသေးဘူး။ ကောင်းရောင်းကောင်းဝယ်လုပ်ရင်းတောင် ကျီးလန့် စာ စာနေရတယ် ” ဟု ရန်ကုန်ရှိ ဆန်လက်လီရောင်းချသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါဆန်သတ်မှတ်ဈေးနှုန်းများပေါ်တွင် ၈ ရာခိုင်နှုန်းထပ်ပို၍ ဈေးကွက်အတွင်း ရောင်းရာတွင် ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းများနှင့် ရောင်းချခြင်းမရှိပါကအသိပေးတိုင်းကြားရန် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ ဆန်ဈေးသတ်မှတ်ချက်အတိုင်းမရောင်းသဖြင့် One Stop Market ၊ City Market Holding ၊ Sein Gay Har Trading ၊ Aeon Orange ဈေးဝယ်စင်တာမှ တာဝန်ရှိသူတို့ကို အရေးကြီးကုန်သည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ – ၅ အရအရေးယူ သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဇူလိုင် #ဆန်ဈေးသတ်မှတ် #စစ်ကောင်စီထုတ်ပြန် #Ayeyarwaddy_Times