ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

ကချင်ပြည်နယ်၊ မလိခမြစ်ရေကြီးမှုကြောင့် မြစ်ကမ်းဘေးတလျှောက်ရှိ ရွာများမှ နေအိမ် ၂၀ဝ ကျော် ရေထဲမျောပါပျက်စီးသွားပြီး မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတွင် တောင်ပြိုမှုကြောင့် ပိတ်ဆို့နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကတည်းက မေခ-မလိခ မြစ်ဖျားပိုင်းတွင် ၅ ရက်ဆက်တိုက် မိုးသည်း ထန်စွာ ရွာသွန်းခဲ့သည့်အတွက် မြစ်ရေကြီးခဲ့ပြီး မေခ-မလိခ မြစ်ရိုး တစ်လျှောက်နှင့် မြစ်ကြီးနား၊ ပူတာအို၊ ဆွမ်ဘရာဘွမ်၊ အင်ဂျန်းယာန်၊ ဖားကန့်မြို့နယ် တို့တွင် ဇွန်လ ၃၀ ရက်နေ့မှစတင်၍ ရပ်ကွက်များအတွင်း ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြစ်ရေကြီးမှုကြောင့် မလိခမြစ်ကမ်းနှင့် ဧရာဝတီမြစ်ရိုး တလျှောက်ရှိ တီယန်ဇွက်၊ လယန်၊ အင်ဒွမ်ယန်၊ အင်ထန်းဇွက်၊ ခါဘာ စသည့်ကျေးရွာများမှ နေအိမ်များ မျောပါပျက်စီးသွားကြောင်း သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းတွင် တောင်ပြိုကာ ကားလမ်းပျက်စီးမှုများရှိသည့်အတွက် ကားများ တန်းစီပိတ်ဆို့နေကြောင်း သိရသည်။

“မြစ်ကြီးနား -ပူတာအိုလမ်းပိုင်းမှာ တောင်ပြိုလို့ လမ်းပိတ်နေတယ်။ တီယန်ဇွက်ရွာကြားမှာလည်း ရေကြီးလို့ လမ်းပြိုတာတွေရှိတယ်။ ကားအစီးရေ ၆၀ လောက်ပိတ်မိနေတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့က မြစ်ကြီးနားမြို့၏ မြစ်ရေမြင့်တက်မှုသည် စိုးရိမ်ရေမှတ်အထက် ၅ ပေခန့် မြင့်တက်ခဲ့ပြီး မြစ်ကြီးနားမြို့ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်ခါ လူဦးရေသောင်းနှင့်ချီ၍ ရေဘေး ရှောင်ခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#ကချင် #မြစ်ကြီး #ပူတာအို #မလိခ #မြစ်ရေကြီးမြင့်မှု #နေအိမ်၂၀၀ကျော် #မျောပါပျက်စီး #Ayeyarwaddy_Times