ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
မန္တလေး၊ မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သည့် မြေနီတောင် တပ်စခန်းအပါအဝင် စစ်ကောင်စီ၏တပ်စခန်း ရှစ်ခုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) MDY-PDF က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့မှစ၍ ယနေ့ ဇူလိုင် ၂ ရက်နေ့အထိ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင်တပ်စခန်း၊ ရေစိုတောင်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုးတပ်စခန်း၊ ကျောက်ခလုတ်တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သည့် မြေနီတောင်တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိကြောင်း MDY-PDF ကထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၆၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်း ဥပဒေနှင့်အညီ ထိန်း သိမ်းထားရှိထားကြောင်း သိရသည်။
ထို့အပြင် လက်နက်ချအညံ့ခံ အရှင်ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တပ်မိသားစုဝင်များဖြစ်သည့် အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေး သူငယ်များစုစုပေါင်း ၁၁၇ ဦးကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း MDY-PDF ကဆိုသည်။
မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိထားကြောင်း သိရသည်။
မတ္တရာမြို့နယ်အတွင်း ဆင်နွှဲနေသည့်တိုက်ပွဲများတွင် MDY-PDF နှင့်အတူ ဒေသခံအဖွဲ့ အစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။
လက်ရှိတွင် MDY-PDF အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- MDY-PDF
#မန္တလေး #မတ္တရာ #စစ်ကောင်စီ #တပ်စခန်း၈ခု #Alphaဘိလပ်မြေစက်ရုံ #MDYPDF #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times