ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြစ်ရေကြီးပြီး မြို့ အတွင်း ရေဝင်နစ်မြုပ်ခဲ့သည့်အတွက် ဒေသခံသောင်းချီ ရေဘေးရှောင်နေရပြီး ယနေ့ ဇူလိုင် ၂ ရက်နေ့တွင် စိုးရိမ်ရေမှတ် ခြောက်လက်မခန့်ထိသာ ကျဆင်းခဲ့ပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်လျှက် ရှိနေကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၂ ရက်နေ့ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာန (မိုး/ဇလ)၏ နံနက် ၇ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲခန့်(၁၃၅ စင်တီမီတာ)ကျော် လွန်ရောက်ရှိနေကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁ ရက်နေ့ နေ့လယ် ၂ နာရီ၃၀မိနစ် တိုင်းထွာချက်သည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက် ၅ ပေခန့်(၁၅၂ စင်တီမီတာ)ကျော်လွန်နေသည်ဟု ထုတ်ပြန်ထားရာ ယနေ့တွင် စိုးရိမ်ရေမှတ်မှာ ၆ လက်မခန့် ကျဆင်းသွားကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

မြို့အတွင်းရေကျဆင်းမှုရှိသော်လည်း ရပ်ကွက်အတွင်းသို့ ဒေသခံပြည်သူများ ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးဘဲ ရေနစ်မြုပ်မှုရှိနေသေးကြောင်း ဒေသခံများထံက သိရသည်။

“မြို့ထဲရေတွေဝင်လာပေမယ့် တချို့တွေက နေလို့‌ရသေးတဲ့ အထပ်မြင့်တိုက်တွေပေါ်တက်နေကြတယ်။ ရေမဝင်သေးတဲ့ ရပ်ကွက်တွေကိုလည်း ပြောင်းနေကြတဲ့ သူတွေရှိတယ်။ ရေလည်းနည်းနည်းပြန်ကျတော့ မနေ့ကပိတ်မိနေတဲ့သူတွေ အမြင့်ပိုင်းတွေကို ပြောင်းလာနေကြတယ်။ ကယ်ဆယ်ရေးအသင်းတွေက ဆက်သွယ်လို့မရဘူး။ ဖုန်းလိုင်းတွေပြတ်နေတယ်”ဟု မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အနိမ့်ပိုင်းနေရာများဖြစ်သည့် ရမ်ပူ၊ ရှမ်းစုတောင်/ မြောက်၊ မြို့မ၊ မင်းရပ်၊ မြို့သစ်၊ ရွှေဆက်၊ တပ်ကုန်း၊ ဧရာရပ်ကွပ်များမှာ ရေကြီးနစ်မြုပ်မှု ပိုမိုပြင်းထန်ကြောင်း သိရသည်။

ရေဘေးရှောင်‌လာသည့်ဒေသခံများကို မြေမြင့်ရပ်ကွက်နှင့် အခြားအမြင့်ပိုင်းရပ်ကွက်များရှိ ဘုန်းကြီး ကျောင်းများနှင့် လူမှုကယ်ဆယ်ရေးရုံးမျာတွင် ကူညီကယ်ဆယ်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့အတွင်း ကူညီကယ်ဆယ်ရေးပြုလုပ် နေသည့် လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ရန် ဖုန်းလိုင်းများမှာ လက်ရှိတွင် ဆက်သွယ်၍မရဘဲ ပြတ်တောက်နေ‌သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

မြို့အတွင်း အထပ်မြင့်အဆောက်အဦများတွင် ရေဘေးရှောင်ရန် တက်ရောက်နေထိုင်သူများမှာ အောက်သို့ဆင်းမရဘဲ အစားအသောက်နှင့် ဆေးဝါးအကူအညီ လိုအပ်ချက်မှုများ ရှိနေကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီစာကျေးရွာများသို့လည်း မြစ်ရေဝင်ရောက်၍ရေကြီးနစ်မြုပ်မှုဖြစ်ကာ မိုးအဆက်မပြတ်သည်း ထန်စွာရွာသွန်းလျက်ရှိကြောင်း သိရသည်။

ပုံစာ-မြစ်ကြီးနားမြို့ပေါ် ရေကြီး ရေလျှံမှုမြင်ကွင်း
#ကချင် #မြစ်ကြီးနား #မြစ်ရေကြီး #မိုးသည်းထန် #ဒေသခံများ #အကူအညီလိုအပ် #Ayeyarwaddy_Times