
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
မြန်မာအထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တောင်ကျချောင်းရေများ စီးဆင်းလာကာ ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိမြို့များတွင် မြစ်ရေဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၅ ပေခွဲခန့် ( လူတစ်ရပ်) ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၄ ပေခန့်မြင့်တက်လာနိုင်ကြောင်း ယနေ့ ဇူလိုင် ၂ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ( ၁၂ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၄ ပေခန့်မြင့် တက်လာနိုင်ကြောင်း သိရသည်။
ထို့ပြင်ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက်သို့ ၄ ပေခန့်ကျော်လွန်ရောက်ရှိနေကာ လာမည့် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်အောက် ပြန်လည်ကျဆင်းနိုင်ကြောင်းသိရသည်။
လက်ရှိတွင်ဧရာဝတီမြစ်ရေတက်မှုကြောင့် မြစ်ကြီးနားမြို့အပါအဝင် ဝိုင်းမော်မြို့နှင့် မြစ်ကမ်းနီးစပ်ရာ မြို့နယ်ကျေးရွာများရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် အိမ်ခေါင်မိုးမြုပ် သည့်အထိ ရေကြီးရေလျှံမှုဖြစ်ပွားကာ လူဦးရေသောင်းနှင့်ချီ ရေဘေးဒုက္ခရောက်နေ ကြောင်း ဒေသခံများထံက သိရသည်။
“ မိုး/ဇလ ကနေ ဘယ်မှာမြစ်ရေကြီးမယ်ဆိုတာတော့ သိလိုက်တယ်။ ဒီလောက်ထိ မြန်မြန်ရေတက် လာမယ်ဆိုတာမသိလိုက်ဘူး။ အခုအချိန်ထိ ပိတ်မိနေသူတွေ ရှိသေးတယ်။ ကယ်မဲ့သူရော စက်လှေတွေရောရှိတယ်။ စက်သုံးဆီမရှိလို့ ဘာမှ လုပ်မရဘူး။ အချို့ဆိုင်တွေက ပိတ်ထားတယ်။ အခုက ရေနည်းနည်း ကျရုံရှိသေးတယ်။ ဆက်သွယ်ရေးတွေလည်းပြတ်တောက်နေတုန်းပဲ” ဟု မြစ်ကြီးနားမြို့နှင့်အနီးတွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ကချင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် အင်တာနက်လိုင်းများ နှင့် ဖုန်းလိုင်းများပြတ်တောက်ထားချိန်တွင် မြစ်ကြီးနားမြို့၌ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ မြစ်ရေတက်မြင့် တက်မည့်အကြောင်းသိရှိသော်လည်း ရုတ်တရက် မြင့်တက်လာမည်ဟု ထင်မှတ်ထားခြင်းမရှိ၍ အများစုမှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိကြောင်း မြစ်ကြီးနားဒေသခံများထံက သိရသည်။
မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၇ ပေကျော်လွန် ရောက်ရှိခဲ့သော်လည်း လက်ရှိတွင် ထက်မံမြင့်တက်ခြင်းမရှိဘဲ ရေကျဆင်းသွားပြီး အဆိုပါမြစ်ရေများသည် ဧရာဝတီမြစ်ကြောင်းစီးဆင်းရာတစ်လျှောက် မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူ၊ ကသာ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ နှင့် ဇလွန်မြို့နယ်တို့တွင် ရေမျက်နှာပြင်ပြောင်းလဲမှုများဖြစ်ပေါ်နေပြီး မြစ်ကမ်း၊ချောင်းနား အပါအဝင် မြေနိမ့်ဒေသပိုင်းတွင်နေထိုင်သူများ ဘေးအန္တရာယ်သတိထားရန် လိုအပ် ကြောင်း မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မိုးသည်းထန် #မြစ်ရေကြီး #ဧရာဝတီ #ချင်းတွင်း #ဧရာဝတီမြစ်ကြောင်းတစ်လျှောက် #မြို့များသတိပြု #Ayeyarwaddy_Times