ဧရာဝတီတိုင်းမ်
(မြဝတီ)၊ ဇူလိုင် ၂ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦးကို ယမန်နေ့ ဇူလိုင် ၁ ရက် ည ၁၀ နာရီဝန်းကျင်က မြဝတီရဲစခန်းအနောက်ဘက် မြို့ပတ်လမ်းတစ်နေရာတွင် သေနတ်ဖြင့် ပစ်ခတ်ထားပြီး သေဆုံးသွားကြောင်း သိရသည်။

နယ်ထိန်းရဲဇော်မင်းနိုင် အသက် (၃၆) နှစ်ခန့်ကို သေနတ်ဖြင့် ရှစ်ချက်ခန့် ပစ်ခတ် ထားခြင်းဖြစ်ပြီး ဦးခေါင်းတွင်လည်း အထုခံထားရသည့် ဒဏ်ရာများ တွေ့ရှိကာ ပစ်ခတ်ခံရသည့် နေရာတွင်ပင် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“သူ့မိသားစုဆီကပြန်ကြားရတာက သူတစ်ယောက်ထဲ PDF ကို သွားဖမ်းတာတဲ့။ သူ့ကိုအရှည်နဲ့ပြန်ပစ်သွားတာ။ ရင်ဘက်အပေါ်ဘက်ကို ခုနစ်ချက် ရှစ်ချက်ပြန်ပစ် သွားတာလို့ ကြားတယ်။ အလောင်းတော့ သူ့ယောက္ခမအိမ်ကို ရောက်နေပြီ။ သေသွားတဲ့ ရဲနယ်ထိန်းက တောင်ငူဇာတိကလို့သိရတယ်။ သူ့ကို သူ့လူကြီးတွေက တစ်ခါတည်း သင်္ဂြိုဟ်ခိုင်းတယ်။ သူ့မိဘတွေမရောက်သေးလို့ ၃ ရက်နေ့ မှသင်္ဂြိုလ် မယ်လို့သိရတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နယ်ထိန်းရဲဇော်မင်းနိုင်သည် အာဏာအလွဲသုံးစားလုပ်ခြင်း၊ ငွေလဲလုပ်ငန်းများကို လိုက်လံဖမ်းဆီးကာ ‌ငွေကြေးများကို၎င်းအပိုင်သိမ်းခြင်း၊ လိုင်းကြေးအရနည်းသည့် ကာစီနိုရုံများမှ ပစ္စည်းများကို သိမ်းဆည်းကာ ပိုက်ဆံဖြင့်ပြန်ရွေးခိုင်းခြင်းများကို ပြုလုပ်လေ့ရှိပြီး မြဝတီမြို့တွင် နာမည်ဆိုးဖြင့်ကျော်ကြားသည့် ရဲတစ်ဦးဖြစ်ကြောင်း သိရသည်။

မြဝတီမြို့ရဲစခန်းမှ နယ်ထိန်းရဲ့ ပစ်သတ်ခံရခြင်းနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကို သိရှိရခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် မြဝတီမြို့အနီးရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိုင်း တစ်နေရာတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောက်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြားနေကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
#မြဝတီရဲစခန်း #နယ်ထိန်းရဲ #ပစ်သတ်ခံရ #Ayeyarwaddy_Times