
ဧရာဝတီတိုင်းမ်
(ရေဖြု) ၊ ဇူလိုင် ၂ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအတွင်း ဝင်ရောက်တပ်စွဲထား သော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – YPPDF တပ်ဖွဲ့ထံက သိရသည်။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအတွင်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် ယာယီစခန်းချ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြီးခဲ့သော ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန်လ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်တွင်လည်း မောင်မယ်ရှောင်ကျေးရွာအတွင်း ယာယီ စခန်းချ နေထိုင်သည့် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကထပ်မံ၍ အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
“မောင်မယ်ရှောင်ရွာထဲ မှ တပ်စွဲထားတဲ့ သူတို့(စစ်ကောင်စီတပ်) တွေမရှိတော့ဘူး။ ရွာထဲမှာ ၂ ရက် တပ်စွဲပြီးနေလိုက်တာပေါ့။ တပ်စွဲထားတဲ့ တပ်တွေက (အမတ) ၃၀၂ ၊ (အမတ) ၃၀၄ ပါ။ ဇွန်လ ၂၈ ရက်နေ့ ညနေမှာပဲ ပြန်ထွက်သွားကြပါတယ်” ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၂ ရက်တာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ငါး ဦးသေဆုံးပြီး ငါး ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPPDFနှင့် ဓဝယ်အမျိုးသား လွတ်မြောက် ရေးတပ်တော် – DNLA တပ်ခွဲ-၁ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များ ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပုံစာ-မောင်မယ်ရှောင်ရွာ အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့စဥ်။
#ထားဝယ်မြို့နယ် #မောင်မယ်ရှောင်ရွာ #တပ်စွဲ #စစ်ကောင်စီတပ် #၂ရက်ဆက်တိုက်ခိုက် #စစ်ကောင်စီတပ်ဖွဲ့ဝင် #၅ဦးသေဆုံး #Ayeyarwaddy_Times