
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင် ၂ ရက်
ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံများ အပါအဝင် ဒေသခံပြည်သူများ၏ နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ (၁) က ယနေ့ ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်တမ်းရင့်အထင်ကရ ဘာသာရေးအဆောက်အအုံများဖြစ်သော ယူနီယံဓမ္မကောလိပ်(UTC)၊ မတူပီနှစ်ခြင်း အသင်းတော်(Matupi Baptist Church)နှင့် ထပ်ဒွန်းနှစ်ခြင်းဘုရားကျောင်း(That Dun Memorial Baptist Church)တို့ ပျက်စီးသွားကြောင်း သိရသည်။
“အခြားဘုရားကျောင်းတွေလည်း နည်းနည်းပျက်စီးမှုတွေရှိတယ်။ ပြီးတော့ ဘုရား ကျောင်းအနီးအနားက နေအိမ်တချို့နဲ့ မြို့ပေါ်က လူနေအိမ်တွေလည်း ပျက်စီး သွားတယ်လို့ သိရတယ်။ သက်တမ်းရင့်တဲ့ ဘုရားကျောင်းတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တယ်။ ပျက်စီးမှုအခြေအနေကိုတော့ အသေးစိတ် မသိရသေးဘူး” ဟု မတူပီမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အာရက္ခတပ်တော်(AA)၏ ဦးဆောင်မှုဖြင့် မတူပီမြို့ကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ ချင်းညီနောင်၊ Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့ပူးပေါင်း၍ မြို့သိမ်းတိုက်ပွဲစတင်ဆင်နွှဲခြင်းဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီသည် မတူပီမြို့အနီးဝန်းကျင်ရှိ ဖနိုင်ရွာကိုလည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ကျောင်းဆောင်များအပါအဝင် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-CDF-မတူပီ၊ တပ်မဟာ-၁
ပုံစာ-ပျက်စီးသွားသော ဘာသာရေးအဆောက်အအုံများ
#မတူပီ #လေကြောင်းတိုက်ခိုက် #သက်တမ်းရင့်ဘုရားကျောင်းများ #လူနေအိမ်အများအပြားပျက်စီး #Ayeyarwaddy_Times