ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

ရှမ်းမြောက်၊ နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှ အသည်းအသန်ခုခံ‌နေရကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၂ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ၂၀ မိနစ်ထိ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းပစ်ကူအပြင် အင်အားတိုးချဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားရာ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းအနီးသို့ စစ်ကောင်စီ၏ ဘန့်ဘွေးရွာစစ်စခန်းမှ လက်နက်ကြီး ၁၆ လုံး ပစ်ကူပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက လေကြောင်းပစ်ကူများပါ အသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင် တပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်ကိုလည်း လေကြောင်းဖြင့်ပင် ပြန်လည်အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ စကခ ၁ လက်အောက်ခံ ခမရ ၁၁၄၊ ခမရ ၁၁၅၊ တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၀၁၊ ခမရ ၃၀၃၊ ခမရ ၃၀၆ တို့မှ တပ်ဖွဲ့ဝင်များသည် ယခုတိုက်ခိုက်နေသည့် ၆၀၆ ဒုံးတပ်ရင်းသို့ သွားရောက်ပူးပေါင်းပြီး TNLA တပ်များနှင့် မဟာမိတ်များကို ခုခံကာကွယ်နေခြင်းဖြစ်သည်။

ယမန်နေ့ ဇူလိုင် ၁ ရက်နေ့က နောင်ချိုမြို့ ၆၀၆ ဒုံးတပ်ရင်း တိုက်ပွဲနေရာသို့ စစ်ကောင်စီမှ ဂျက်ဖိုက် တာ ငါးစီး၊ MI 35 နှစ်စီး၊ Y-12 တစ်စီးဖြင့် ပစ်ကူပေးခဲ့သည့်အပြင် ထပ်မံ၍ Y-12 တစ်စီးဖြင့် လက်နက်ခဲယမ်းများ လာရောက်ဖြည့်တင်း ပို့ဆောင်ပေးခဲ့သည်။

အလားတူ တအာင်းတပ်မဟာ ၂ စစ်ဒေသ ကျောက် မဲမြို့ရှိ စစ်ကောင်စီ၏ ခမရ ၅၀၁၊ ၅၀၂ တပ်စခန်း၌လည်း ယနေ့ ဇူလိုင် ၂ ရက်နေ့ နံနက် ၆ နာရီခန့်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့အပြင် မိုးမိတ်မြို့ မကျည်းပင်ဒေသသို့ စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ယမန်နေ့ကလည်း မိုးမိတ်မြို့တပ်စခန်းနှင့် ပလက်တီနမ်ဟိုတယ် အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ညောင်နီ နှင့် သရက်ချိုရွာဘက်သို့ ၁၂၀ မမနှင့် ၄၅ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#ရှမ်းမြောက် #နောင်ချို #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #လေကြောင်းဖြင့်ခုခံ #Ayeyarwaddy_Times