ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း မိုးရွာသွန်းမှုများပြားကာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်များအတွင်း ရေများဝင်ရောက်ကာ ယနေ့ ဇူလိုင် ၁ ရက်နေ့တွင် ဒေသခံထောင်ချီပိတ်မိနေကြောင်း သိရသည်။

မေခနှင့် မလိခမြစ်ဖျားပိုင်းဒေသတွင် ၅ ရက်ဆက်တိုက်မိုးသည်းထန်စွာ ရွာသွန်း ခဲ့သည့်အတွက် ဧရာဝတီမြစ်ရေ မြင့်တက်ကာ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ တနိုင်းတို့တွင် မြစ်ရေဝင်ရောက်လာသည့်အတွက် ရပ်ကွက်များ အတွင်းရေကြီး၊ ရေနစ်မြုပ်မှုဖြစ်ကာ ဒေသခံများ ပိတ်မိနေကြောင်း သိရသည်။

“မိုးကအဆက်မပြတ်ရွာနေတာ ရပ်ကွက်တွေထဲ အလျင်အမြန်ကိုရေက တက်လာတယ်။ ပိတ်မိနေတဲ့မိသားစုတွေကျန်နေသေးတယ်။ တချို့အိမ်တွေဆို ခေါင်မိုးလောက်ထိ မြုပ်နေပြီ။ ကယ်ဆယ်ရေးတွေကလည်း ကူညီပေမယ့် အကူအညီလိုသူတွေနဲ့ မကာမိဘူး။ မြေမြင့်ဘုန်းကြီးကျောင်းတစ်ခုထဲတင် ရေဘေးကနေရှောင်လာတဲ့ လူ ၆၀၀ကျော်နေပြီ။ အနိမ့်ပိုင်းရပ်ကွက်တွေဆို မြစ်ရေ ပိုတိုးလာတယ်” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ ဇူလိုင် ၁ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ရမ်ပူ၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ၊ ခေမာသီရိ၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း ရပ်ကွက်များသို့ မြစ်ရေ ၁၂၅၀စင်တီမီတာအထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်ထားသည်။

ရှမ်းစုတောင်၊ ရှမ်းစုမြောက်၊ မြို့မ၊ မင်းရပ်၊ မြို့သစ်၊ရွှေစက်၊ တပ်ကုန်း၊ ဧရာ ရပ်ကွက်များမှာ ရေနစ်မြုပ်မှုပိုမိုဆိုးရွားနိုင်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေမှာ ယမန်နေ့ ၁၂နာရီ ၃၀မိနစ်အချိန်တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၉၂စင်တီမီတာ ၃ပေခန့်ကျော်လွန်ရောက်ရှိနေပြီး ယနေ့တွင် မြစ်ကြီးနားမြို့၏ စိုးရေရေမှတ်အထက်ဆက်လက်ရှိနေမည်ဖြစ်ကြောင်း မိုး/ဇလ အရာရှိ ဦးနိုင်လင်းထွေး က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝေမျှထားသည်။

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်လာသည့်အတွက် မြစ်ကြီးနား- ပူတာအို လမ်းရှိ ဖုန်ကျန်းတံတားနှင့် တံဂျာတံတားအနီး တောင်ပြိုပြီး လမ်းပိတ်ဆို့ နေကြောင်း သိရသည်။

ထို့အပြင် ဆွမ်ပရာဘွမ်၊ ပူတာအို၊ ချီဖွေနှင့် တနိုင်း- ရှင်ဗွေယန်၊ လီဒိုလမ်း ဘက်တွင်လည်း ရေကြီး မြေပြိုမှုများရှိနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ မြစ်ရေကြီးမှုသည် ၂၀၀၄ခုနှစ်တွင် ၁၄၀၇စင်တီမီတာအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ယခုအတိုင်း မြစ်ရေဆက်လက်မြင့်တက်လာပါက ၂၀၀၄ ခုနှစ်စံချိန်ကျော်၍ မြစ်ရေကြီးနိုင်ပြီး ၁၉၇၉ခုနှစ်က မြစ်ရေမှာ ၁၄၁၃စင်တီမီတာ အထိမြင့်တက်ခဲ့ကြောင်း သိရသည်။

ပုံစာ- မြစ်ကြီးနားမြို့ ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက် နစ်မြုပ်နေသည်ကို တွေ့ရစဉ်
#မြစ်ကြီးနား #မြစ်ရေကြီး #ရေနစ်မြုပ် #ဒေသခံထောင်ချီ #ပိတ်မိ #Ayeyarwaddy_Times