
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
ရှမ်းမြောက်၊ ကျောက်မဲမြို့လယ်ကောင်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် ဟိုတယ်တစ်လုံးနှင့် နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၃၀ ရက်နေ့ ည ၁၂ နာရီခန့်က ကျောက်မဲမြို့လယ်ကောင်သို့ စစ်ကောင်စီတပ်က ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ မြို့ပေါ် အမှတ် (၁) ရပ်ကွက်ရှိ One Love ဟိုတယ်အနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အနီးအနားရှိ နေအိမ်များပါ ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“နေအိမ်တွေပေါ်ကို ကြဲချတာ။ ရှေ့ရက်တွေကလည်း ပြည်သူတွေ ထိတယ်။ ဒီမနက်လည်း တိုက်ပွဲပြင်းထန် နေတာ။ စစ်တပ်က လက်နက်ကြီးတွေရော လေယာဉ်နဲ့ပါ မြို့ပေါ်ကို ဗုံးကြဲနေတာ”ဟု ကျောက်မဲမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီပစ်ချတိုက်ခိုက်သည့် ပေါင် ၅၀၀ ဗုံးဒဏ်ကြောင့် One love ဟိုတယ်နှင့် အနီးနားရှိ နေအိမ်အလုံး ၂၀ ခန့်မှာ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
စစ်ကောင်စီက ထိုသို့ ပေါင် ၅၀၀ ဗုံးနှင့် လာရောက်ကြဲမချခင် ည ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာသုံး၍ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ယမန်နေ့ ဇွန် ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ကျောက်မဲမြို့၊ ရပ်ကွက် (၉) ရှိ ဆီဆိုင်တစ်ဆိုင်ပေါ်သို ဗုံးကျရောက်ပေါက်ကွဲပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲသည် ဇွန် ၂၉ ရက်နေ့ကလည်း နောင်ချိုမြို့ မီးသတ်ရုံးအနီးသို့ ဂျက်လေယာဉ်ဖြင့် အင်အားပြင်းသော ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချ တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ် ရှစ်လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
တအာင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်ပူးပေါင်းတပ် ဖွဲ့များသည် ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇွန် ၂၆ ရက်နေ့တွင် စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းတောင်၊ ဂေါက်ကွင်းအထက် ထွေအုပ်ရုံး၊ ရဲစခန်းတို့ကို သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။
TNLA တပ်ဖွဲ့များက ဇွန် ၂၇ ရက်နေ့တွင် ကျောက်မဲမြို့အတွင်းရှိ မြို့မရဲစခန်း၊ ပြည်သူ့ဆေးရုံ၊ မီးသတ်စခန်းနှင့် ခရိုင်ထွေအုပ်ရုံးတို့ကို ဝင်ရောက်၍နယ်မြေ ရှင်းလင်း မှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ စကခ ၁ ၊ ခမရ ၅၀၁ နှင့် ခမရ ၅၀၂ တပ်ရင်းတို့ကို TNLA ပူးပေါင်း အဖွဲ့က ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက တိုက်ပွဲနေရာမဟုတ်သည့် အမှတ် (၁) ရပ်ကွက်နှင့် ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်း အနီးသို့ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချ တိုက်ခိုက်နေကြောင်း TNLA ကထုတ်ပြန်ထားသည်။
ပုံစာ-ကျောက်မဲမြို့တွင် စစ်ကောင်စီက ဗုံးကြဲထားသည်မြင်ကွင်းနှင့် TNLA နှင့်ပူးပေါင်းတပ်များ ကျောက်မဲမြို့တွင်းသိမ်းပိုက်ထားသည့်မြင်ကွင်း
#ရှမ်းမြောက် #ကျောက်မဲမြို့ပေါ် #စစ်ကောင်စီ #ပေါင်၅၀၀ဗုံးကြဲ #နေအိမ်များ #ထိခိုက်ပျက်စီး #Ayeyarwaddy_Times