ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၁ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ရာဖူးကျေးရွာအုပ်စု အတွင်းရှိ အနီးနားရွာများက ဒေသခံများ ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။

ရေဖြူမြို့နယ်၊ မျောက်ချောရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် ထောင်နှင့်ချီသည့်ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများအနက် ထိုင်းနယ်စပ်ရှိ ဟလော့ဟနီမွန်ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၃၀ ခန့် ရောက်ရှိနေကြောင်း အကူအညီပေးနေသူများထံက သိရသည်။

“အခုလောလောဆယ် ဟလော့ဟနီရွာကို စစ်ဘေးရှောင် ၁၃၀ ဦးရောက်နေတယ်။ အများစုက မွန်တိုင်းရင်းသားတွေဖြစ်တယ်။ စစ်ဘေး ရှောင်တွေက နှစ်သုတ်ခွဲပြီးရောက်လာကြတာပါ။ ပထမအသုတ် ဇွန်လ ၂၆ ရက်နေ့က ၁၀၄ ဦးရောက်လာတယ်။ ဒုတိယအသုတ် ဇွန်လ ၂၇ ရက်နေ့က ၂၆ ဦးရောက် လာတယ်။ နောက်ထပ် ၆၀ ဦး ခန့်ပါဝင်တဲ့ စစ်ဘေးရှောင်တွေလည်း လမ်းခရီးမှာ ကျန်နေသေးတယ်”ဟု စစ်ဘေးရှောင်များကိုကူညီပေးနေသည့် မွန်ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

လက်ရှိတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် မွန်အဖွဲ့အစည်းအသီးသီးက စားဝတ်နေရေးနှင့် ကျန်းမာ ရေးဆိုင်ရာ ကိစ္စရပ်များ ကူညီဆောင်ရွက်လျှက်ရှိသော်လည်း ရေရှည်တွင် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသည့် မွန်ကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။

“နေ့စဉ် စားဝတ်နေရေးကတော့ ကြာလာရင် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်။ တချို့တွေက နေရပ်ပြန်ချင်ကြတဲ့သူတွေ ရှိတယ်လေ။ အဲ့ဒီလူတွေအတွက် ပို့ဆောင်ပေးရေးအပိုင်းနဲ့ ပတ်သက်ပြီး အခက် အခဲရှိလာနိုင်တယ်။ အိမ်တွေ မီးလောင်ပျက်စီးသွားတဲ့လူတွေက ဒီစခန်းမှာပဲ ရေရှည် နေသွားရမယ့်သဘောရှိတယ်” ဟု စစ်ဘေးရှောင် အရေး ကူညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထွက်ပြေးလာသူများသည် ထိုင်းနယ်စပ်ဘက်ရောက်ရန် ၇ ရက်ခန့် လမ်းလျှောက်လာရပြီး လမ်းတွင် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရကြောင်း ခလောက်ခနီဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် မျောက်ချောဒေသခံများက ဆိုသည်။

“သူတို့ (စစ်ကောင်စီတပ်) ကလေယာဥ်နဲ့ ဗုံးကြဲလို့ အိမ် မီးလောင်သွားတယ်လေ။ချောင်းတွေကို ဖြတ်ကူးရတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်တွေချိတ်ပြီး ကူးလာခဲ့ရတယ်။တောလမ်း မှာ ၇ ရက်လောက်အိပ်ရတယ်။ မိုးရေထဲမှာ အိပ်ခဲ့ရတာပေါ့။ နယ်စပ်ကိုရောက်တော့ တောင်တွေကိုအကြိမ်ကြိမ်တက်ခဲ့ရပြန်တယ်။ ကလေးတွေနဲ့ အရမ်းဒုက္ခရောက်ရတယ်။ ထမင်းတွေလည်း ငတ်ခဲ့ရတယ်” ဟု မျောက်ချောရွာဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ပွဲအတွင်း မျောက်ချောရွာ ၊ မရော့ကြိုင်ရွာနှင့် နဂါးအိုင်ရွာတို့တွင် လူနေအိမ် ၃၄ လုံး မီးလောင်ကျွမ်းခဲ့ရပြီး ကျေးရွာ ကိုးရွာရှိ လူဦးရေ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်း စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေး ပြုလုပ်ပေးနေသူများထံက သိရသည်။

ပုံစာ- ထိုင်းဘက်အခြမ်းတွင် သွားရောက်ခိုလှုံနေသည့် မျောက်ချောရွာ အနီးအနားရွာများက စစ်ဘေးရှောင်များကိုတွေ့ရစဥ်။
#ရေဖြူဒေသခံများ #ထိုင်းနယ်စပ် #ထွက်ပြေးတိမ်းရှောင် #ဟလော့ဟနီမွန်ဒုက္ခသည်စခန်း #Ayeyarwaddy_Times