
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
ဆန်ရောင်းချမှုနှင့်ပတ်သက်၍ ဆန်လုပ်ငန်းရှင်များအပါအဝင် နာမည်ကြီး ဈေးဝယ်စင်တာများတွင် ရောင်းချသော ဆန်အိတ်ဈေးနှုန်းများသည် သတ်မှတ်ဈေးနှုန်းထက် ကြီးမြင့်နေသဖြင့် တာဝန်ရှိသူများကို အရေးယူထားပြီး ဆန်ဈေးအမြတ်များကို စစ်ကောင်စီက သိမ်းဆည်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF)က သတ်မှတ်ထားသည့် ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိအမြတ်တင်ထား၍ ရရှိသော အကျိုးအမြတ်အပေါ် ဒဏ်ကြေး နှင့်အခွန်ထပ်မံစည်းကြပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင်သတ်မှတ်ဈေးထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိပိုမိုအမြတ်ယူ ရောင်းချသူ များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့်အရေးယူ မည်ဖြစ်ကြောင်း သိရသည်။
“ အဲဒီလိုဆန်ဈေးသတ်မှတ်လိုက်တော့ ဆန်သမားထိတယ်။ ဆန်စက်ပိုင်တွေထိတယ်။ လှောင်ထားတဲ့စက်ပိုင်တွေထိတယ်။ အရင်ဆုံးစထိတာတော့ မြို့ပေါ်က ဆန်ရောင်းတဲ့ သူတွေပဲ။ သူရဲ့အကျိုးဆက်ကတော့ လောလောဆယ် စပါးအဝယ်ရပ်တော့ စပါးဈေးက မတက်နိုင်သေးဘူး။ ပုံမှန်အရောင်းအဝယ်မဖြစ်တော့ဘူး။ လယ်သမားတွေက စိုက်ချိန် ရောက်လာတော့ ရှိတဲ့စပါးတွေငွေဖော်ချင်တော့ ငွေကြေးအကျပ်အတည်း ဖြစ်ကုန်တယ်” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
သတ်မှတ်ဈေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိရောင်းချသည့် One Stop Market မှဒါရိုက်တာ ဦးမျိုးသန့်၊ City Market Holding ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ Sein Gay Har Trading အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်ဝင်း နှင့် Aeon Orange ဒါရိုက်တာ ဂျပန်နိုင်ငံသား Mr. Kasamatsu Hiroshi တို့ကို အရေးကြီးကုန်သည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ – ၅ အရအရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ယင်းပြင် စစ်ကောင်စီသည် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိရောင်းချသူ ဆန်စပါးလုပ်ငန်းရှင် Global Myanmar Trading ဒါရိုက်တာ ဦးလင်းကိုကိုနိုင်၊ ရတနာပုံဆန်စက်ပိုင်ရှင် ဦးကျော်ဇော်လင်း၊ Kanbawza ဆန်ရောင်းဝယ်ရေးမှ ဦးမြင့်ဆွေ၊ သိင်္ဂဆန်စက်ပွဲရုံဒါရိုက်တာ ဦးလင်းထွဋ်နိုင်၊ စိန်းငါးပွင့်ဆန်ဆိုင်မှ ဦးသိန်းဦး၊ သစ္စာရှင်ဆန်/ဆီရောင်းဝယ်ရေး အောင်တင်နှင့် သန့်ဆန်ဆိုင်တာဝန်ခံ ဦးဝင်းဇော်တို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုမ်မ – ၅ ဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်သတ်မှတ်ဈေးထက် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြားရောင်းချသည့် ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀ အပါအဝင် သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိအမြတ်ယူသူ ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦးတို့၏ အကျိုးအမြတ်များ အပေါ်ဒဏ်ကြေးနှင့် အခွန်ထပ်မံတိုးမြင့်သွားမည်ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီက နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် မြို့ကြီးများရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ခုနှစ်ခုတို့မှ ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သတ်မှန်ဆန်ဈေးနှုန်းထက် အမြတ် အစွန်းပိုမိုရယူကာ ရောင်းချမှုရှိ၊ မရှိစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချမှုကြောင့် အခြေခံပြည်သူများ ဆန်ဈေးနှုန်းမြင့်မားစွာ ဝယ်ယူစားသုံးနေရပြီး နိုင်ငံစီးပွားရေးဈေးတည်ငြိမ်မှုကို အနှောက်အယှက်ဖြစ်စေ၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ တစ်ဆင့် ဇွန်လအတွက် ဆန်ဈေးသတ် မှတ်ချက်ထုတ်ပြန်ခဲ့ရာ ၂၄ ပြည်ပါ ဆန်တစ်အိတ်တန်ဖိုး ဆန်ကြမ်း ဈေးနှုန်း အနိမ့်ဆုံး ကျပ် ၇၅,၀၀၀ သတ်မှတ်၍ ဆန်ချောတစ်အိတ်ကို ကျပ် ၉၅,၀၀၀ မှ ၁၄၅,၀၀၀ အထိဈေးသတ်မှတ်ကြောင်း ဇွန် ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဆန်ဈေးနှုန်း #လုပ်ငန်းရှင်များ #တရားစွဲခံရ #အမြတ်များ #စစ်ကောင်စီသိမ်း #Ayeyarwaddy_Times