
ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဇူလိုင် ၁ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့အနောက်ဘက်ခြမ်းကို ယမန်နေ့ ဇွန် ၃၀ ရက်နေ့တွင် တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး မိုးကုတ်မြို့မှနေ၍ စစ်ရှောင်လာသည့် ဒေသခံများသည် မိုးကုတ်-မန္တလေး လမ်းပိုင်းတစ်နေရာတွင် ပိတ်မိနေကြောင်း သိရသည်။
မိုးကုတ်-မန္တလေးလမ်းပိုင်းတစ်နေရာဖြစ်သည့် စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာနှင့် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာများတွင် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မိုးကုတ်မြို့မှ စစ်ဘေးရှောင်လာသည့် ကားအစီးရေ ရာနှင့်ချီကာ ပိတ်မိနေကြောင်း ဒေသခံများထံက သိရသည်။
“မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ကိုတော့ထိန်းချုပ်ထားတယ်။ ဘယ်နေ့မိုးကုတ်ရောက်မလဲမသိဘူး။ ဒေသခံတွေက မြို့ပြင်ထွက်မရဘူး။ ကံကောင်းတဲ့လူတွေပဲထွက်ရတာ။ စစချင်းကပေးမထွက်ဘူး။နောက်မှပေးထွက်လိုက်တာ။ ကားအစီး ၁၀၀ လောက် မနေ့ကထွက်တယ်။ ဒီနေ့လည်း ထက်ထွက်သွားကြတယ်” ဟု မိုးကုတ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့ ဇူလိုင် ၁ရက်နေ့တွင် မိုးကုတ်မြို့တွင်း နှစ်ဖက်တိုက်ပွဲအခြအနေငြိမ်သက်နေပြီး ဒေသခံများအ နေဖြင့်မြို့တွင်းမှ ရသည့်နည်းလမ်းများဖြင့် ထွက်ခွာလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
မိုးကုတ်မြို့တွင်းတွင် ကုန်ဈေးနှုန်းများလည်း နေ့စဉ်နှင့်အမျှ မြင့်တက်နေကာ ဓာတ်ဆီတစ်ဂါလံလျှင် ကျပ်လေးသောင်း နှင့် အထက်ရှိပြီး ကားတစ်စီးငှားရမ်းခမှာ ကျပ် ၁၂သိန်း ဝန်းကျင် ပေါက်ဈးရှိနေကြောင်း သိရသည်။
TNLA ပူးပေါင်းတပ်ဖွဲ့များသည် မိုးကုတ်မြို့ အနောက်ပိုင်းရှိ လက်ကျန်စခန်းဖြစ်သည့ ရွှေမျက်ဝန်းတပ်စခန်းကို ယမန်နေ့ ဇွန် ၃၀ ရက်နေ့ ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီး မိုးကုတ်မြို့ အရှေ့ပိုင်းဖြစ်သည့် ရွှေသာယာရွာတွင်လည်း စစ်ကောင်စီတပ်များနှင့်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
မိုးကုတ်၊ နောင်ချို၊ ကျောက်မဲမြို့များကို TNLA မှ စတင်ထိုးစစ်ဆင်ခဲ့သည့် ၅ ရက်အတွင်းတွင် စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား အရေအတွက် ၂၂ ဦးရှိပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း TNLA က ယမန်နေ့ ဇွန် ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မိုးကုတ် #လမ်းပိတ် #ဒေသခံ #တိုက်ပွဲဖြစ်ပွား #မိုးကုတ်အနောက်ခြမ်း #Ayeyarwaddy_Times