
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်ရှိ အမျိုးသားတစ်ဦးကို တစ်တော့ – TikTok လူမှုကွန်ရက်တွင် စစ်ကောင်စီကို ဝေဖန်သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် ဇွန်လ ၂၉ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံရသူသည် ဝါးခယ်မမြို့နယ်၊ ရတနာသောင်သစ်ကျေးရွာတွင်နေထိုင်သူ ကိုချစ်မင်းသူဆိုသူဖြစ်ပြီး ဇွန် ၂၉ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရဲများမှ နေအိမ်ကို ၀င်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။
“Facebook တို့ TikToKတို့ကို မြို့အလိုက်စောင့်ကြည့်နေတယ်နဲ့ တူပါတယ်။ အတိအကျကိုလာဖမ်းတာ။ နိုင်ငံရေးနဲ့ပတ်သတ်တာတွေတင်မယ်ဆိုရင် ကိုယ့်ရုပ်အမှန်နဲ့ မတင်တာပိုကောင်းမယ်ထင်တယ်”ဟု ဝါးခယ်မမြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
ဧရာ၀တီတိုင်းတွင် စစ်ကောင်စီ သတင်းပေးများက လူမှုကွန်ရက်(facebook)နှင့် Tiktotစသည့် လူမှုကွန်ရက်တို့ကို စောင့်ကြည့်မှုများ ပြုလုပ်နေပြီး ဇွန်လအတွင်းက ရေကြည်၊ ဝါးခယ်မ၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင် ဖမ်းဆီးခံရသူ ၁၀ဦး ခန့်ကြောင်း သိရသည်။
စစ်ကောင်စီသည် လက်ရှိတွင် ဖမ်းဆီးထားသူများထဲမှ တချို့ကို ငွေသိန်းချီတောင်းခံ၍ ခံ၀န်ထိုးကာပြန်လွှတ်ခဲ့ပြီး တချို့ကို နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန်နှင့် အများပြည်သူများအထိတ်တလန့်ဖြစ်စေရန်အတွက် မမှန်သတင်းများကို လူမှုကွန်ရက်မှတစ်ဆင့်ဖြန့်ဝေမှုများနှင့်စွပ်စွဲကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၅၂(က)၊ ၅၀၅(က) နှင့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများနှင့် တရားစွဲဆိုထားကြောင်းသိရသည်။
#ဝါးခယ်မ #တစ်တော့ #စစ်ကောင်စီဝေဖန် #အမျိုးသာတစ်ဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times