
Image ref 73929472. Copyright Rex Shutterstock No reproduction without permission. Please see www.rexfeatures.com for more information.
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီရုံး (ICRC) ၏ ပစ္စည်း သိုလှောင်ရုံကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန် ၂၈ရက်နေ့တွင် ဖောက်ထွင်း၍ ပစ္စည်းများကို ခိုးယူ သယ်ထုတ်ပြီး မောင်တောမြို့အတွင်း ရောင်းချနေကြောင်း သိရသည်။
အရေးပေါ်ဆေးဝါးအချို့၊ တာပေါ်လင်စ၊ ဓာတ်မီး စသည့် အရေးပေါ်ပစ္စည်းအချို့ကို စစ်ကောင်စီက ဖောက်ထွင်းယူဆောင်လာပြီး မောင်တောဒေသခံများထံ ရောင်းချနေ ကြောင်း ဒေသခံများထံက သိရသည်။
“စစ်ကောင်စီက ပစ္စည်းတွေယူလာပြီးရောင်းတာကို ဗီဒီယိုရိုက်ထားတယ်ဗျ။ သူတို့တွေ အလကားဝေငှနေတာဆိုပြီး ဝါဒဖြန့်ဦးမယ်လို့ယူဆပါတယ်” ဟု မောင်တောဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၂၁ရက်နေ့ကလည်း မောင်တောမြို့ ဝေသာလီရွာရှိ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (World Food Programme -WFP) ၏ ဂိုထောင်ကို ဖောက်ထွင်းကာ ဆန်အိတ်နှင့် စားနပ်ရိက္ခာများကိုယူဆောင်ပြီး ဂိုထောင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
WFP ဂိုထောင် ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက စားနပ်ရိက္ခာများကို AA လုယူမည်စိုးရိမ်၍ ဖောက်ထွင်းယူငင်ပြီး ဒေသခံများကို ဆန်အိတ် ၂၀၀၀ ကျော်ဝေငှပေးခဲ့ကြောင်း ပြောဆိုထားသည်။
ထိုသို့ ဆန်နှင့် စားနပ်ရိက္ခာများဖောက်ထွင်းယူဆောင်ပြီးချိန်တွင် AA က ဂိုထောင်ကို ဒရုန်းဖြင့်ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကစွပ်စွဲပြောဆိုထားသည်။
လက်ရှိတွင် မောင်တောမြို့ အမှတ်(၅) နယ်ခြားစောင့်ရဲ့တပ်ရင်း (နခခ-၅ ၊ မြို့သူကြီး) အနီး၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲပြင်းထန်နေပြီး မြို့တွင်းတွင် ပိတ်မိနေသည့် ဒေသခံပြည်သူများရှိနေကြောင်း သိရသည်။
ပုံစာ-မောင်တော ICRC ရုံး (ပုံဟောင်း)
#မောင်တော #စစ်ကောင်စီ #ICRCဂိုထောင် #ဖောက်ထွင်းခိုးယူ #Ayeyarwaddy_Time