
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများက PDF ဝင်ရောက်လာခြင်း ရှိ မရှိ အကြောင်းပြကာ KTV နှင့် တည်းခိုခန်းများအား ဇွန်လနောက်ဆုံးပတ်မှစတင်၍ လိုက်လံစစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့်အတွက် PDF တပ်ဖွဲ့များနှင့် အရက္ခတပ်တော် (AA) တို့ ဝင်ရောက်လာနိုင်သည့်အတွက် ခုလိုမျိုးလိုက်လံစစ်ဆေးနေရခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများမှ ပြောသည်။
” ခုက လမ်းကြောင်းတွေပိတ်ပြီး နယ်စပ်တွေမှာ စစ်ဆေးတာတွေလည်းရှိတယ်၊ ဒါပေမယ့် တခြားလမ်းကြောင်းတွေက ဝင်လာတာမျိုးရှိနေနိုင်လို့ ကြိုတင် စစ်ဆေးနေရတဲ့သဘောပါ”ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်နှင့် ရဲများက လုံခြုံရေးအကြောင်းပြကာ စစ်ဆေးမှုများပြုလုပ်နေသည်ဟု အကြောင်းပြသော်လည်း KTV များကို အဓိကလိုက်လံစစ်ဆေးနေကြောင်း ဒေသခံများမှ ပြောသည်။
” စစ်တဲ့အဖွဲ့က တပ်၊ ရဲ၊ ရပ်ကျေးနဲ့ ပျူစောထီးတွေပါတယ်။ စစ်တဲ့နေရာက ကင်ပလင်းကျွန်းဘက်က KTV တွေ လိုက်စစ်ဆေးနေတာ၊ ပြောရရင် ဘာမှမရှိတဲ့ နေရာမှာ လုံခြုံရေးအကြောင်းပြပြီ KTV သွားတာလို့မြင်ပါတယ်” ဟု ပုသိမ်မြို့ခံ အမျိုးသားတဦးမှ ဧရာဝတီတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်နှင့် ရဲများလိုက်လံစစ်ဆေးနေသည့် အမှတ် ၁၃ ရပ်ကွက်၊ ကင်ပလင်းကျွန်းသည် KTV နှင့် တည်းခိုခန်းများ အများဆုံးရှိသည့် နေရာတစ်ခုလည်း ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ဧရာဝတီတိုင်းတွင်း ၂၀၂၄ ခုနှစ် စတင်ကာ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခြင်းမရှိသေးသည့် ဒေသတစ်ခုလည်းဖြစ်သည်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #ရဲ #KTV #လိုက်လံစစ်ဆေး #ဧရာဝတီတိုင်း #Ayeyarwaddy_Times