ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁ ရက်

စစ်ကောင်စီ၏ ဗဟိုဘဏ်က ၎င်းတို့၏ ညွှန်ကြားချက်ကို ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာ ချေးငွေ (Housing Loan) များကို များပြားစွာထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ် ခုနစ်ခုနှင့် ပုဂ္ဂလိကဘဏ်များအပေါ် စစ်ဆေးရန်အားနည်းခဲ့သည့် ဗဟိုဘဏ်မှ တာဝန်ရှိ သူများကို အရေးယူမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင် ၁ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေးဘဏ်များသည် ၎င်းတို့၏ အကျိုးအမြတ် ပိုမိုရရှိစေရေးအတွက် ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးခဲ့သည်ကို စိစစ်တွေ့ရှိရ၍ တာဝန်ရှိသူများကို အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် သတ်မှတ်ချက်ကို ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများနှင့်ပတ်သက်၍ ဗဟိုဘဏ်၏ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များအပေါ် စစ်ဆေး ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် ဗဟိုဘဏ်မှ တာဝန်ရှိသူများကိုလည်း စိစစ် ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန် ထားသည်။

#သတ်မှတ်ချက်ကျော်လွန် #အိမ်ရာချေးငွေထုတ်ချေး #ပုဂ္ဂလိကဘဏ်၇ခု #စစ်ကောင်စီအရေးယူ #ဗဟိုဘဏ် #တာဝန်ရှိသူများ #အရေးယူမည် #Ayeyarwaddy_Times