ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

ဧရာ၀တီတိုင်းမှ တစ်ဆင့် ရခိုင်ပြည်နယ်သို့ ကုန်စည်များ ပို့ဆောင်ခွင့်ကို လေးလနီးပါးစစ်ကောင်စီမှ ပိတ်ဆို့ထားသောကြောင့် စား၀တ်နေရေး ခက်ခဲမှုများရှိလာသည့်အတွက် ဧရာဝတီတိုင်းအတွင်းသို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့လာသူ ပိုများလာကြောင်းသိရှိရသည်။

“AAနဲ့တိုက်ပွဲတွေစဖြစ်ကတည်းက ဆန်ကအစ ရခိုင်ဘက်ကို ပိတ်ထားလိုက်တာ လတွေကြာလာတော့ လူတွေလဲဒုက္ခရောက်လာပြီး အဲ့တော့ ဧရာ၀တီတိုင်းဘက်ကိုပဲ အိမ်တွေ ဆိုင်တွေပစ်ပြီး ပြောင်းရွှေ့လာရတာပဲ”ဟု ငါးသိုင်းချောင်းမြို့သို့ ပြောင်းရွှေ့လာသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ဧရာ၀တီတိုင်းအတွင်း ရခိုင် ပြည်နယ် နှင့် ထိစပ်နေသော ငါးသိုင်းချောင်းမြို့၊ ရေကြည်မြို့များသို့ လာရောက် နေထိုင်သူပိုမိုများပြားလာပြီး အိမ်ဌားခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ယာယီခိုလှုံနေထိုင် ကြကြောင်းသိရသည်။

“ငါးသိုင်းချောင်းမြို့မှာတော့ ရခိုင်ဘက်ကလာတဲ့သူတွေနဲ့ ပြည့်နေတာပဲ တစ်ချို့ဆို ရိုးမထဲက လမ်းလျှောက်ပြီးလာရတယ်။ တစ်ချို့ကတိုက်ပွဲကြောင့် တစ်ချို့က စားသောက်ရေး အတွက် ဘာမှ၀ယ်မရတော့လို့ ပြောကြတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းတစ်ချို့က်ို ရခိုင့်တပ်တော်AAမှသိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ဖေဖေါ်ဝါရီလ တတိယပတ်က စတင်ပြီးစက်သုံးဆီ၊ ဆန်နှင့် စားသောက်ကုန်များ အပြင် အသီးအရွက်များကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းခွင့် မပေးတော့ခြင်းဖြစ်​ပြီး စစ်ကောင်စီတပ်မှကုန်စည်များကိုပိတ်သိမ်းခြင်းနှင့် လူအဝင်အထွက်များကို တင်းကြပ်စွာ စစ်ဆေးနေသည်ဟု ဒေသခံများထံမှသိရှိရသည်။

#ဧရာ၀တီတိုင်း #ကုန်စည်များ #ရခိုင်သို့ပို့ဆောင် #စစ်ကောင်စီကပိတ်ထား #ဧရာဝတီသို့ #ရွှေ့ပြောင်းနေထိုင်သူများလာ #Ayeyarwaddy_Times