ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ဆန်နှင့် ဆီဝယ်ယူရာတွင် ဒေသခံများအနေဖြင့် မှတ်ပုံတင်နှင့် လက်ဗွေပေးကာ ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ဆန်နှင့် ဆီဈေး ထိန်းချုပ်ရန်အတွက် မှတ်ပုံတင်နှင့် လက်ဗွေပေးမှ ရောင်းချရန် စည်းကမ်းသတ်မှတ်ပြီးနောက်ပိုင်း ဇွန်လ တတိယပတ်က စတင်ကာ ခုလိုမျိုး ဆန်နှင့် ဆီ ဝယ်ယူဖို့အတွက် မှတ်ပုံတင်နှင့် လက်ဗွေတွေကို ဈေးဆိုင်များမှ တောင်းခံလာကြောင်း ဒေသခံများမှ ပြောသည်။

” ကုန်စုံဆိုင် အကြီးကြီးတွေ ပြောရရင် ဖောက်သည်ဆိုင်တွေမှာပါ တောင်းလာတာ၊ အဓိကတော့ စျေးက ၁ ထောင်လောက် ကျသွားပေမယ့် မှတ်ပုံတင် မရှိတာတို့ မပါတာတို့ဆိုရင် ဝယ်မရတော့ဘူးပေါ့” ဟု ပုသိမ်မြို့ခံ အမျိုးသမီးတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီက ဈေးနှုန်းသတ်မှတ်ကာ မှတ်ပုံတင်နှင့် လက်ဗွေပေးမှ ရောင်းခွင့်ပြုပြီးနောက်ပိုင်း ပေါ်ဆန်း ဆန် ၁ ပြည်ကို ၅၀၀၀ ကျပ်နှင့် ငကျောက်ဆန် ၁ ပြည်ကို ၃၀၀၀ ကျပ်ထိပေးဝယ်ရနေရကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

အရင်က ပေါ်ဆန်း ၁ ပြည်ကို ၇၀၀၀ ကျပ်နှင့်ငကျောက်ဆန် ၁ ပြည်ကို ၅၀၀၀ ကျပ်ပေးပါက လိုသလောက် ဝယ်ယူရရှိသော်လည်း ယခုအခါ မှတ်ပုံတင်ရှိပြီး ပြနိုင်မှသာ ဆန်ဝယ်လို့ ရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလက်ထက်တွင် ကုန်ဈေးနှုန်းများမှ အစစ အရာရာမြင့်တက်လာပြီးနောက်ပိုင်း အခြေခံလူတန်းစားများအတွက် နေ့စဉ်ဝင်ငွေနှင့် ထွက်ငွေမှ ညီမျှမှုမရှိတော့သည့်အတွက် မိသားစုအများစုမှာ ဆန်ကြမ်းစားရသည့်အထိရှိလာကြောင်း ဒေသခံများမှ ပြောသည်။

#ပုသိမ်မြို့ #ဆန် #ဆီဝယ်ဖို့ #မှတ်ပုံတင် #လက်ဗွေ
ပေး #ဝယ်ယူနေရ #Ayeyarwaddy_Times