ဧရာတီတိုင်းမ်
ဇွန် ၃၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်ကောင်စီလက်ထက် ဒုစရိုက်မှုများ များပြားလာပြီ ယခုအခါ ဓါးထောက်လုယက်မှုများ ပိုမို များပြားလာကြောင်း ဒေသခံများမှ ပြောသည်။

အရပ်သားအစိုးရ လက်ထက်က တရားဥပဒေစိုးမိုးမှု ရှိခဲ့ပြီး လမ်းမကြီးများတွင် ည ၁၀ နာရီဝန်းကျင်ထိ စိတ်ချ လက်ချ သွားလာနိုင်သော်လည်း ယခုအခါ ည ၇ နာရီနောက်ပိုင်း လမ်းမကြီးများပေါ်တွင်လည်း ဓါးထောက်လုယက်ခံရမည်ကြောက်သဖြင့် သွားလာသူမရှိသလောက်နည်းလာကြောင်း ဒေသခံအများစုက ပြောသည်။

“ခုက ညမှောင်တာနဲ့ မသွားရောတော့ဘူး အပြင်ကို သွားရင် သတိနဲ့သွားနေရတယ်၊ ဒီလထဲမှာ ဓါးထောက်တာက နေ့တိုင်းလိုလို ဖြစ်လာတယ်၊ ဖမ်းတာမရှိသလို ဖမ်းမိတာမျိုးလည်း မကြားမိဘူး၊ မသိရင် ရဲနဲ့ ပေါင်းလုပ်နေသလား ထင်ရတယ်”ဟု ဒေသခံ အမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဇွန်လ တတိယပတ်အတွင်း ဓါးထောက်လုယက်မှု ၅ မှုအထိရှိခဲ့ပြီး ပုသိမ်မြို့၊ ဆင်းသီရိတွင် နေထိုင်သည့် အမျိုးသားတဦးပြန်လာစဉ် အိုးဝေပေါ်အတင်းခေါ်တင်ပြီး လူ ၄ ဦးမှဝိုင်းပြီး ဓါးထောက်လုယက်ခဲ့သည့် ဖြစ်စဉ်သာ အွန်လိုင်းပေါ်ရောက်ရှိလာသဖြင့် လူသိများသည်ဟု ဆိုသည်။

ဇွန်လ ၂၂ ရက်နေ့က ပုသိမ်မြို့မှ ဈေးကြီးအတွင်း ဈေးဝယ်လာသည့် အမျိုးသမီးတဦး၏ ပိုက်ဆံအိတ် ဓါးနဲ့ခွဲကာ လုယက်ခံရပြီးနောက် ငွေသား ၂၃ သိန်းကျော်နှင့် ရွှေထည်ပစ္စည်းများ ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

ခုလိုမျိုး လုယက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းအပေါ် ဒေသခံပြည်သူများက ရဲတပ်ဖွဲ့နှင့် လုယက်သူများ ပူးပေါင်းကလုပ်ဆောင်နေခြင်းကြောင့် ဖမ်းဆီးတာမျိုးမရှိသလို ဖမ်းမိတာမျိုးလည်း မရှိနိုင်တာဖြစ်ကြောင်း ဒေသခံအများစုက သုံးသပ်ပြောဆိုသည်။

လုယက်သည့် တရားခံများ ဖမ်းဆီးနိုင်ခြင်းမရှိတာနှင့် ပတ်သက်ပြီး လက်ရှိ ပုသိမ်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် တဦးမှ ရဲတပ်ဖွဲ့အင်အားဖြင့် လုံခြုံရေးလုပ်ရသည့် အင်အား မမျှတမှုကြောင့် တချို့မှုခင်းများ ဖမ်းဆီးဖို့ ခက်ခဲနေခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့အနေဖြင့် အမြဲကြိုးစားနေကြောင်း ပြောသည်။

“ တချို့စခန်းတွေမှာက အင်အားနဲ့ လုံခြုံရေးတာဝန်နဲ့ မမျှတာတွေများတယ်၊ ရဲနဲ့ ဒီလုယက်သူတွေနဲ့ ပေါင်းလုပ်နေတယ်ဆိုတာမျိုးကတော့ လုံးဝမဟုတ်ပါဘူး၊ ရဲတပ်ဖွဲ့ဆိုတာ ပြည်သူလူထုကို ကူညီပေးဖို့ ဖွဲ့စည်းထားတာဖြစ်လို့ ပြည်သူလူထု စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့အတွက် အစဉ်အမြဲအလေးထားဆောင်ရွက်နေပါတယ်”ဟု ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ပြည်သူများအနေဖြင့် ဓါးထောက်လုယက်မှုနှင့် လုယက်ခံရမှုများမှ ကင်းဝေးအောင် လူသွားလူလာပြတ်သည့် လမ်းများသို့ မသွားဖို့နှင့် ညအချိန် အပြင်သွားလာလျှင် အဖော်နှင့် သွားလာပြီး လူသွားနည်းသည့် လမ်းများသွားလာခြင်းမျိုး မလုပ်ဖို့ ၎င်းမှ သတိပေးပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း ၆ လအတွင်း အမှုကြီဲးဖြစ်ပွားခဲ့သည့်နှုန်းမှာ ရာဂဏန်းအောက်သာရှိနိုင်ပြီး အမှုဖွင့်ထားသည့် ဓါးထောက်လုယက်မှုမှာ ဆယ်ဂဏန်းမျှသာရှိကြောင်း တိုင်းရဲတပ်ဖွဲ့ဝင်တဦးမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။

#ပုသိမ်မြို့ #ဓါးထောက်လုယက်မှု #ပိုမိုများပြား #ရဲနဲ့ပေါင်းလုနေသလား #ထင်ရ #ဒေသခံများပြော
#Ayeyarwaddy_Times