ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ ပြန်ကြားရေးအဖွဲ့ထံက သိရှိရသည်။

မတူပီမြို့ကို ချင်းညီနောင်အဖွဲ့၏ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဇွန်လ ၉ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း (၂၀) အကြာတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

မတူပီမြို့ရှိ စစ်ကောင်စီ၏ ခမရ (၃၀၄) တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့တွင် သိမ်းပိုက်ရရှိထားပြီးနောက် ဗျူဟာကုန်း နှင့် ခလရ (၁၄၀) တပ်ရင်းတို့ကို ယမန်နေ့ ဇွန် ၂၉ ရက်နေ့တွင် သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။

“မတူပီမြို့နယ်က စစ်ကောင်စီ လုံးဝ ကင်းစင်သွားပါပြီ။ လေကြောင်းတိုက်ခိုက်မူမရှိတော့ပေမယ့် မြို့နီးနားဝန်းကျင် လေယာဥ်တွေက ဝဲနေပါသေးတယ်။ လက်ရှိ မတူပီမှာ နင်းမိုင်းတွေ အများကြီးကျန်ရှိနေသေးတာကြောင့် မိုင်းရှင်းလင်းရေးတွေ လိုနေသေးတယ်” ဟုချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်သလို ချင်းလဲန်းကာကွယ်ရေးတပ်(မတူပီ)၏ တပ်မဟာ ၁ ပြန်ကြားရေးတာဝန်ခံလည်းဖြစ်သည့် Salai BoiUk က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့သိမ်းတိုက်ပွဲမှ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်အများပြား သိမ်းဆည်းရမိပြီး စစ်ကောင်စီက နောက်ထပ် မတူပီမြို့ကို ထိုးစစ်ဆင်မရအောင် လုံခြုံရေးကိစ္စများ ဆောင်ရွက်နေသလို ချင်းအမျိုးသားတပ်မတော်(CNA)နှင့်လည်း ပွတ်တိုက်မူ ထပ်မဖြစ်အောင် လိုအပ်နေသေးကြောင်း ၎င်းက ဆိုပါသည်။

မတူပီမြို့သိမ်း တိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့အပြင် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် အာရက္ခတပ်တော် (AA)၊ Yaw Army (YA)၊ နှင့် Yaw Defense Force (YDF) တို့ ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်သည်။

ချင်းညီနောင်စစ်ဆင်ရေးတွင် အသက်ပေးသွားသည့် အာဇာနည်သူရဲကောင်းရဲဘော်များ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသည့် ရဲဘော်များ၊ အောင်ပွဲရသည့်အထိ စွမ်းစွမ်းတမံ တိုက်ပွဲ၀င်ခဲ့သည့် ရဲဘော်များကို လေးစားဂုဏ်ယူကြောင့် ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့တွင် ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ချင်းညီနောင်အနေဖြင့် ချင်းပြည်နယ်တွင် ကျန်ရှိနေသည့် စစ်ကောင်စီ တပ်စခန်းများအားလုံး သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်အဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ချင်းညီနောင်အဖွဲ့၏ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင်လည်း ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိထားသည်။

#မတူပီမြို့ကို #ချင်းညီနောင်အဖွဲ့နှင့် #မဟာမိတ်ပူးပေါင်းတပ်မှ #သိမ်းပိုက် #Ayeyarwaddy_Times