
ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းသို့ စစ်ရဟတ်ယာဥ်ဖြင့် လက်နက်ခဲယမ်းများနှင့် တပ်အင်အားများ ဖြည့်တင်းနေကြောင်း ဒေသခံများထံက သိရသည်။
မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းသို့ ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ (၁) နာရီဝန်းကျင်တွင် ပခုက္ကူ ၊ ပေါက် ၊ ကျောက်ထုတို့မှတဆင့် စစ်ရဟတ်ယာဥ်ဖြင့် ခုနှစ်ကြိမ်ထက်မနည်း ဆင်းသက်ပြီး လက်နက်ခဲယမ်းများနှင့် တပ်အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။
“ရဟတ်ယာဥ်က ခုနှစ် ကြိမ်လောက် တပ်ထဲကို ဆင်းသွားပါတယ်။ လက်နက်ခဲယမ်းတွေ၊ တပ်အင်အားတွေဖြည့်တာလို့ သိရပါတယ်။ ရဟတ်ယာဥ် အတက်၊ အဆင်းဆို တပ်အင်အား ၁၀၀ ခန့်လောက်က ရှိမယ်။ အရင်ကလည်း အဲ့လိုဘဲ တပ်အင်အားတွေ၊ လက်နက်ခဲယမ်းတွေ၊ စားနပ်ရိက္ခာတွေ ဖြည့်တာတွေရှိတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီ၏ စစ်ရဟတ်ယာဥ် ဆင်းသက်ခြင်းသည် တပ်အင်အားဖြည့်တင်းခြင်း ဖြစ်နိုင်သလို တပ်မိသားစုဝင်များ ရွှေ့ပြောင်းပေးခြင်းလည်း ဖြစ်နိုင်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်(မင်းတပ်)တာဝန်ရှိသူကပြောသည်။
“ရဟတ်ယာဥ်ဆင်းတာက တပ်အင်အားဖြည့်တာလည်း ဖြစ်နိုင်တယ်။ တပ်ထဲမှာလည်း မိသားစုဝင်တွေရှိတာကြောင့် သူတို့တွေကို ပြောင်းရွှေ့ပေးတာလဲ ဖြစ်နိုင်ပါတယ်။ တပ်အင်အား ဘယ်လောက်ရှိမလဲဆိုတာတော့ ကျွန်တော်အနေနဲ့တော့ မပြောတက်ဘူး” ဟု ချင်းလဲန်းကာကွယ်ရေးတပ်(မင်းတပ်)တာဝန်ရှိသူ ဆလိုင်ဟာအွမ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သည် ခံစစ်အတွက် စစ်ရေး ပြင်ဆင်နေကြောင်းနှင့် ၂၀၂၄ ခုနှစ် မကုန်ခင် မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးအရှိန်မြင့်တက်လာသည့်အတွက် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့် နေရာများမှ တော်လှန်ရေးအတွက် ပူးပေါင်းပါဝင်ပေးရန် ထပ်မံတိုက်တွန်းပြောဆိုသည်။
မင်းတပ်မြို့သိမ်း တိုက်ပွဲသတင်းကြောင့်ဒေသခံအများစုသည် ပြီးခဲ့သည့် ဇွန်လ ဒုတိယအပတ်မှစ၍ ၎င်းတို့ ဘေးကင်းလုံခြုံသည်ဟု ထင်ရသည့်နေရာဒေသသို့ ပြောင်းရွှေ့စစ်ဘေးရှောင်နေရကြောင်း သိရသည်။
မင်းတပ်မြို့ #စစ်ကောင်စီ #လက်နက်ခဲယမ်းများနှင့် #တပ်အင်အား #ဖြည့်တင်း #Ayeyarwaddy_Times