ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
အဂတိအမှု၊ ဒေါ်လာနှင့်ငွေကြေးအလွဲသုံးစားမှုများဖြင့်ခေါင်းစဉ်တပ်၍ ဖမ်းဆီးထောင်ချခံရထားသည့် စစ်ဗိုလ်ချုပ်များကို ပေးအပ်ထားသည့်ဘွဲ့များကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဖမ်းဆီးထောင်ချခံထားရသည့် စစ်ဗိုလ်ချုပ်များကို စစ်ခေါင်းဆောင်က ၎င်းအပေါ်သစ္စာမဲ့သည့် လုပ်ရပ်များကျူးလွန်သည်ဟုဆိုကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီးနောက် ပေးအပ်ထားသည့် ဘွဲ့တံဆိပ်များကိုပါ ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့က စစ်ဗိုလ်ချုပ်အချို့နှင့် တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ခြောက်ဦးကို ပေးအပ်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်ကြော်ငြာစာတစ် စောင်ထွက်ပေါ်လာခဲ့သည်။
အဆိုပါကြော်ငြာစာတွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်ချုပ်ကိုကိုမောင်၊ ဗိုလ်ချုပ်မြတ်သက်ဦး၊ ဗိုလ်ကြီးတင်အောင်ခိုင်၊ တပ်ကြပ်ကြီးဆန်းဝင်းတို့ကို ပေးအပ်ထားသည့် ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ပြဋ္ဌာန်းချက်အပိုဒ် ၆၇(ဂ)၊ ၆၈ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ တို့အရ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ဖော်ပြပါရှိသည်။
ဘွဲ့တံဆိပ်များကို ပြန်လည်ရုပ်သိမ်းရာတွင် ဥပဒေ အကြောင်းပြ၍ ပြန်လည်ရုပ်သိမ်းသည်ဟု ထုတ်ပြန်ခဲ့သော်လည်း စစ်ခေါင်းဆောင်အပေါ် အဆိုပါစစ်ဗိုလ်ချုပ်များမှ သစ္စာမဲ့သည့်လုပ်ရပ်များ လုပ်သည်ဟုဆိုကာ ပြန်လည်ရုတ်သိမ်းခြင်းဖြစ်ကြောင်း စစ်ရုံးချုပ်နှင့်နီးစပ်သူထံမှ သိရသည်။
“ဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ မိုးမြင့်ထွန်းတို့က စစ်ခေါင်းဆောင်မသိဘဲ စီးပွားရေးလုပ် ကွက်တွေကို သူတို့သဘောနဲ့သူတို့ချပေးတာအပြင် မိသားစုစီးပွားရေးတွေပါ လုပ်လာတာတွေရော၊ တပ်တွင်းမှာ သူ့လူကိုယ့်လူ စည်းရုံးရေးဆင်းတယ်ဆိုပြီး အတိုင်ခံရတာတွေနဲ့ ခုလိုဖမ်းခံထားရတာ။ ပြောရရင် သစ္စာမဲ့တယ် ဆိုပြီး ဘွဲ့တွေရုပ်သိမ်းတဲ့အထိပါ လုပ်လိုက်တာ”ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘွဲ့တံဆိပ်များတွင် စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့နှင့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ နည်းပညာထူးချွန်တံဆိပ်တို့ကို ပြန်လည်ရုတ်သိမ်းကြောင်း စစ်ကောင်စီ၏ အတွင်းရေးမှူး ဒုဗိုလ်ချုပ် ကြီး အောင်လင်းဒွေးမှ လက်မှတ်ထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးထောင်ချခံထားရသည့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု၊ ဒေါ်လာငွေနှင့်ပတ်သက်၍ အလွဲသုံးစားလုပ်မှု၊ လုပ်ပိုင်ခွင့်ထက်ကျော်၍ အာဏာအလွဲသုံးစားလုပ်မှုတို့ဖြင့် ခေါင်းစဉ်တပ်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကိုကိုမောင်ကိုမူ ဖားကန့်တွင် သတ္တုနှင့်ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များသို့ ဖောက်ခွဲ ရေးပစ္စည်းများ တင်သွင်းရာတွင် တရားမဝင်အလွန်အကျွံတင်သွင်းမှုဖြင့် ဖမ်းဆီးခဲ့ခြင်းကြောင့်ဖြစ်သည်။
စစ်ခေါင်းဆောင်က ပေးအပ်ထားသည့်ဘွဲ့များကို ဥပဒေနှင့်အညီရုပ်သိမ်းသည်ဟု ဆို သော်လည်း ၎င်းအပေါ်သစ္စာမဲ့သည့် လုပ်ရပ်များနှင့် အာဏာဖီဆန်မှု၊ စည်းရုံးရေးဆင်းမှု၊ တပ်တွင်းမငြိမ်မသက်မှုဖြစ်စေရန် လုပ်ဆောင်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချသည့်အပြင် ဘွဲ့တံဆိပ်ရုပါသိမ်းသည်အထိပါ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
#ဖမ်းဆီးခံ #စစ်ဗိုလ်ချုပ်များ #ဘွဲ့တံဆိပ် #ဂုဏ်ထူးဆောင်တံဆိပ် #စစ်ကောင်စီရုပ်သိမ်း
#Ayeyarwaddy_Times