ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၃၀ ရက်)
လူတိုင်း လူတိုင်း အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ကင်ဆာရောဂါကို အားလုံးက ကြောက်ကြပါတယ်။ အချို့ကင်ဆာရောဂါတွေဟာ ကာကွယ်လို့ရပါတယ်။ ကင်ဆာ ရောဂါ များစွာအနက် မြန်မာအမျိုး သမီးတွေ အဖြစ်များပြီး ကြောက်ကြတဲ့ “သားအိမ်ခေါင်းကင်ဆာရောဂါ” ကို ကာကွယ်လို့ရတယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ
သားအိမ်ကင်ဆာလို့ ရပ်ရွာထဲမှာ ခေါ်ကြတဲ့ သားအိမ်ခေါင်းကင်ဆာဟာ လိင်ကနေ ကူးစက်တဲ့ လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ် HPV (Human papilloma virus 16 & 18) ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ဂျာမဏီဆရာဝန် Dr Harald zur Hausen က သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ရှာဖွေတွေ့ရှိခဲ့ပြီး တွင်တွင် ကျယ်ကျယ် ကုသပေးနိုင်ခဲ့တာကြောင့် ၂၀၀၈ ခုနှစ်မှာ ဆေးပညာဆိုင်ရာနိုဘယ်ဆုကို ချီးမြှင့် ခံခဲ့ရပါတယ်။
Human papilloma virus (HPV- လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်)
HPV ပိုးကူးစက်ခံရပါက အရေပြားနှင့် အသားနု-အချွဲထုတ်မျက်နှာပြင်တွေမှာ ကြွက်နို့တွေဖြစ်လာတတ်ပါတယ်။ HPV ပိုးအမျိုးအစား ၁၀၀ကျော်ရှိပေမယ့် အများစုက အန္တရယ်မရှိသော်လည်းအချို့ပိုးအမျိုးအစားတွေကတော့ ကြွက်နို့ကနေ တစ်ဆင့် ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။
လိင်အင်္ဂါမှာ ကြွက်နို့ဖြစ်စေတဲ့ဗိုင်းရပ်စ် HPV 16-18 နှစ်မျိုးကတော့ အမျိုးသမီး လိင်အင်္ဂါ မိန်းမကိုယ်နဲ့ သားအိမ်အဝ သားအိမ်ခေါင်းနေရာမှာ ကင်ဆာဖြစ်စေရုံ တင်မကဘဲ စအိုကင်ဆာ၊ လိင်တံကင်ဆာ၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊ ခံတွင်း အာခေါင်လည်မြိုကင်ဆာစတဲ့ လိင်မှုဆက်ဆံရာနေရာတွေမှာ ကင်ဆာဖြစ်စေ နိုင်ပါတယ်။ လိင်အင်္ဂါကြွက်နို့ဟာ နှစ် ၂၀ အတွင်း ကင်ဆာရောဂါအသွင်ပြောင်းလဲ နိုင်တယ်လို့ ရှာဖွေတွေ့ရှိထားကြပါတယ်။
ကြွက်နို့ဖြစ်တိုင်း ကင်ဆာဖြစ်ပြီလို့ ကံသေကံမ မပြောနိုင်ပေမယ့် လိုအပ်တဲ့ စစ်ဆေးချက်တွေပြုလုပ်ပြီး အဖြေကို ရှာဖွေနိုင်တာကြောင့် စိုးရိမ်စိတ်ကာ ရှက်ရွံ့မနေဘဲ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ဆရာဝန်တွေနဲ့ ပြသဆွေးနွေးသင့် ပါတယ်။
HPV- လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေရှိသူများ
လိင်မှုကိစ္စမကင်းနိုင်တဲ့ မည်သူမဆို HPV ပိုး ကူးစက်နိုင်ပါတယ်။ လိင်ပျော်ပါး ဆက်ဆံဖော်များပါက ကူးစက်နိုင်ခြေမြင့်မားပါတယ်။ မိမိအဖော်က လိင်ဆက်ဆံ ဖော်များသူ ဖြစ်နေပါကလည်း ကူးစက်နိုင်ခြေများပါတယ်။
ဆေးပညာဆောင်းပါးတွေအရဆိုလျှင် ကြွက်နို့နှင့် အရေပြားချင်း တိုက်ရိုက် ကိုင်တွယ်ထိတွေ့မိတဲ့အခါ ၊ HPV ပိုးရှိနေသူနဲ့ လက်ပွန်းတတီးနေမိတာ၊ အများသုံး ရေချိုးခန်းနဲ့ ရေကူးကန် အတူသုံးမိနေတာတွေကနေ ကူးစက်နိုင်ခြေများတယ်လို့ ဖော်ပြထားကြပါတယ်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး
HPV ပိုးကိုကာကွယ်ပေးနိုင်တဲ့ဆေးထိုးနှံခြင်းကိုပဲ သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးထိုးတယ်လို့ သိထားကြတာဖြစ်ပါတယ်။ အပျိုစင် မိန်းမပျိုလေးတွေကို လိင်ဆက်ဆံမှုမရှိသေးခင် အရွယ်ငယ်ငယ်မှာပင် စတင်ထိုးထားသင့်ပါသည်။ အသက် ၉ နှစ်ကနေ ၁၅ နှစ်ကြား ပျိုဖော်ဝင်ချိန်အရွယ်မှာ ထိုးနှံ၍ ကြိုတင် ကာကွယ် ထားသင့်ပါတယ်။
ယောက်ျားလေးတွေမှာလည်း ထိုးလို့ရပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဆိုပေမယ့် HPV ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးတာကြောင့် အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ လိင်အင်္ဂါကြွက်နို့ စအိုကခံတွင်းအာခေါင်လည်မြိုတွေအပြင် မိန်းမကိုယ်နှုတ်ခမ်းသား အမျိုးသားလိင်တံတွေမှာ PVP ကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေကိုကာကွယ်နိုင်ပါတယ်။
ကာကွယ်ဆေးတို့ သဘောသဘာဝအတိုင်း Cold Chain လို့ခေါ်တဲ့အအေးခံစနစ်နဲ့ စနစ်တကျသိုလှောင်ထားရပါတယ်။ သတ်မှတ်ထားတဲ့အကြိမ်အရေအတွက်အတိုင်း သတ်မှတ်ချိန်အတွင်းထိုးပေးရပါတယ်။ ပထမအကြိမ်ထိုးအပြီး ခြောက်လမှ တစ်နှစ်အတွင်း အတွင်းဒုတိယအကြိမ် ထိုးပြီး လိုအပ်ပါကနောက်ခြောက်လတွင် တတိယအကြိမ်ထပ်ပံထိုးနှံပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က အမျိုးသမီးငယ်လေးတွေကို နိုင်ငံတော်စီမံချက်အဖြစ် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အခမဲ့စနစ်နဲ့ ထိုးနှံတာမျိုးတွေ လုပ်ပေးနိုင်ခဲ့ ပါတယ်။ အခုအခါမှာတော့ စစ်ကောင်စီကြောင့် ကျန်းမာရေးစနစ် ပြိုလဲသွားပြီး အခမဲ့မရနိုင်တော့ပါဘူး။ အကာအကွယ် ကွန်ဒုံးသုံးခြင်းကဲ့သို့ ဘေးကင်းစိတ်ချ အန္တရာယ်ကင်းသော လိင်အမူအကျင့်တွေကိုပါယှဉ်တွဲပြီး သားအိမ်ခေါင်းကင်ဆာ ပညာပေးရမှာ ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာရှိမရှိ သားအိမ်ခေါင်းအချွဲစယူစစ်ဆေးခြင်း (PEP smear Test)
ကာကွယ်ဆေးထိုးနှံဖို့ အဆင်မပြေကြသူ အမျိုးသမီးများအတွက် သားအိမ်ခေါင်း ကင်ဆာကြိုတင်စစ် ဆေးခြင်းနည်းလမ်းတွေ ရှိပါသေးတယ်။ သားအိမ်ခေါင်း အချွဲစယူပြီး မှန်ဘီလူးဖြင့် ကင်ဆာဆဲလ်ရှာဖွေခြင်းကို လွယ်လွယ်ကူကူနဲ့ မြန်မြန်လုပ်ဆောင်နိုင်ပါပြီ။ အသက် ၃၀ နှစ်မှ ၅၀ နှစ် အရွယ်အမျိုး သမီးတိုင်းကို စစ်ဆေးသင့်ပါသည်။
သားအိမ်ခေါင်း ကင်ဆာမဖြစ်ခင် အကြိုပြောင်းလဲခြင်း အဆင့်ကိုပင်ရှာဖွေ သိရှိပြီး စောစောသိလိုက်ရခြင်း အကျိုးကျေးဇူးကြောင့် ကင်ဆာရောဂါမတိုင်မီ ကုသနိုင် သွားပါတယ်။ ကြောက်စရာမလိုတဲ့အခြေအနေမှာ ရောဂါကို အမြစ်ပြတ်ဖယ်ရှား နိုင်သွားပါတယ်။
စစ်ဆေးပြီး သံသယဖြစ်ဖွယ်အဖြေမရှိလျှင် ၃နှစ် – ၅နှစ်အကြာမှသာ ပြန်စစ်ရပါမယ်။ စစ်ဆေးပြီး သံသယဖြစ်ဖွယ်အခြေအနေတစ်ခုခုတွေ့ရပါက မီးယပ်ဆရာဝန် OG နဲ့ ပြသပြီး လိုအပ်တဲ့ကုသမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
ဒါကြောင့် အမျိုးသမီးငယ်တွေအနေနဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံ ထားကြပါ။ အရွယ်ရောက်အမျိုးသမီးများကတော့ သားအိမ်ခေါင်းအချွဲ ပုံမှန်စစ်ဆေး ပါလို့ အကြံပြုလိုပြီး သားအိမ်ခေါင်းကင်ဆာကြောင့် ဆုံးရှုံးသွားနိုင်တဲ့ အသက်တွေကို ကာကွယ်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။
ဧရာဝတီတိုင်မ်းပရိသတ်များအားလုံးလည်း ကာယကျန်းမာခြင်းနှင့်ပြည့်စုံပြီး စိတ်ဆင်းရဲ ခြင်းအပေါင်းမှကင်းလွတ်ကြပါစေ။
နောက်တစ်ပတ်မှာတော့ ကော်ဖီသောက်ခြင်းနှင့် ကျန်းမာရေး အကြောင်းကို တင်ဆက်သွားမှာမို့ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အဆစ်အမြစ်ရောင်ဂေါက်ရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)