ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

မြန်မာစစ်ကောင်စီအတွက် စစ်လက်နက်ဝယ်ယူဖို့ ငွေကြေးအလွှဲအပြောင်း ဆောင်ရွက်ပေးခဲ့ တာ မရှိဘူးလို့ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်း (TBA) က သောကြာနေ့မှာ ငြင်းဆန်လိုက်ပါတယ်။

ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ရာမှာ အသုံးပြုမယ့် ဘယ်လို စစ်လက်နက်မျိုး ဝယ်ယူမှုမှာမှ အသုံးချမခံရဖို့ ဆောင်ရွက်နေတယ်လို့ ထိုင်းဘဏ်တွေက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့နဲ့ အရပ်သားတွေကို ဖိနှိပ်ရာမှာ အသုံးပြုတဲ့ စစ်လက်နက်တွေ ဝယ်ယူဖို့ နိုင်ငံတကာဘဏ် ၁၆ ခုမှတစ်ဆင့် ငွေကြေးအလွှဲအပြောင်းတွေ ပြုလုပ်တယ်လို့ ဖော်ပြထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ အစီ ရင်ခံစာကို TBA က အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ထိုင်းဘဏ် ၅ ခုဟာ မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ထုတ်ယူမယ့် ကုန်ကြမ်းတွေ ဝယ်ယူဖို့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

Siam Commercial Bank ဟာ ၂၀၂၃ ခုနှစ်မှာ ငွေကြေးအလွှဲအပြောင်း ဒေါ်လာ ၅ သန်းသာ ဝန်ဆောင်ပေးခဲ့ပေမယ့် ၂၀၂၄ ခုနှစ် မတ်လအထိ ဒေါ်လာ သန်း ၁၀၀ ဝန်ဆောင်မှုဆောင်ရွက်ပေးခဲ့ တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ငွေကြေးအလွှဲအပြောင်းနဲ့ပတ်သက်လို့ ဌာနတွင်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာ ငွေကြေးဝန်ဆောင်မှု တွေဟာ စားသုံးကုန်နဲ့ စွမ်းအင်ထုတ်ကုန်ဆိုင်ရာ ဘဏ်ရဲ့ဖောက်သည်တွေ ငွေကြေးပေးချေမှုတွေဖြစ် တယ်လို့ Siam Commercial Bank က ပြောပါတယ်။

“ထိုင်းဘဏ်တွေဟာ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ဝယ်ယူမှုကို ဆန့်ကျင်တဲ့ ရှင်းလင်းသော မူ ဝါဒတစ်ရပ် ထားရှိပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ကုန်သွယ်ရေးကုမ္ပဏီတွေဟာ ၂၀၂၃ ခုနှစ်အတွင်း မြန်မာကုမ္ပဏီတွေထံ ဒေါ်လာ သန်း ၈၀ တန်ကြေးရှိ လေယာဉ်ဆီတွေ ရောင်းချခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ကိုးကား – Bangkok Post
Ref; Banks deny thy helped Myanmar junta buy weapons