ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း အခြေပြုတပ်စွဲရန် ပြင်ဆင်နေသော အင်အား၂၀၀ခန့်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်း တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၂၈ရက် နံနက် ၄နာရီခန့်က အင်တိုင်းရွာနှင့် ကျောက်ပုံကုန်း တွင်တပ်စွဲအခြေပြုရန် ပြုလုပ်နေသည့် စစ်ကောင်စီ၏ ခမရ-၃၆၁နှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ခန့် ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသကထုတ်ပြန်သည်။

ကန့်ဘလူခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂)၊ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ဗျူဟာ-၅၂ (ရွှေဘိုခရိုင် တပ်ရင်း-၇၊ ၈၊ ၁၀၊ ၁၆)၊ စစ်ကိုင်းတိုင်း ပကဖ၊ ကျွန်းလှမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ နံနက် ၄ နာရီတွင် စီးနင်းတိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြီး စစ်သုံ့ပန်နှစ်ဦးကို လက်ရဖမ်းဆီးရမိကာ လက်နက်ငယ် ရှစ် လက် သိမ်းဆည်းရမိ‌ကြောင်း သိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှလည်း ရဲဘော် နှစ် ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ယခုတိုက်ပွဲဖြစ်ပွားသည့် အင်တိုင်းရွာကို ပြီးခဲ့သည့် ဇွန် ၁၈ရက်နေ့က ပျူစောထီးများနှင့်ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးမှူများပြုလုပ်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန် ၁၇ရက်နေ့ နံနက် ၁၁နာရီခန့်က ကျွန်းလှမြို့နယ်၊အင်တိုင်းရွာသို့ ရွှေပေါ်ကုန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစုပေါင်းအင်အား ၂၀၀ ခန့်သည် ရွာတောင်ဘက်မှ အကြမ်းဖက်ဝင်ရောက်လာ‌ကြောင်း သိရသည်။

စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာခြင်းကြောင့် သဖန်းဆိပ်ဆည်အနီးရှိ အင်တိုင်း၊ ကျွဲတဲ၊ အင်လှနှင့်မြနှစ်ရွာမှ ဒေသခံပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသ

#ကန့်ဘလူ #ကျွန်းလှ #စစ်ကောင်စီ #အင်အား ၂၀၀ခန့် #တပ်စွဲရန်ပြုလုပ် #တော်လှန်ရေးတပ်ဖွဲ့များ #တိုက်ခိုက် #Ayeyarwaddy_Times