
ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်
စစ်ရေးတင်းမာနေသည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို ရှစ်ရက်ကြာ ကျင်းပမည်ဟု ပွဲတော်ဖြစ် မြောက်ရေးကော်မတီက ထုတ်ပြန်ထားသည်။
အဆိုပါ တောင်ပြုံးကျေးရွာတွင် သမိုင်းဝင်ဆုတောင်းပြည့် ဆုတောင်းရဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲနှင့်အတူ တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို ရှစ်ရက်ကြာကျင်းပမည်ဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ ရသည်။
လာမည့် ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက် အထိ ၈ ရက် (ဩဂုတ် ၁၂ မှ ၁၉ရက်) ကြာ ပွဲတော်ကို ကျင်းပမည် ဖြစ်ကြောင်း တောင်ပြုံးကြီးရွာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
“ဒီလောက်စစ်ဖြစ်လို့ ဘယ်ပြေးလို့ ပြေးရမယ်တောင် မသိတဲ့အချိန်မှာ တောင်ပြုံးမှာ ဘယ်သူက သွားနတ် ပူးနေမလဲ။ သူတို့မှာ ဘာမှမဖြစ်သလို လုပ်ပြဖို့ ဘာလုပ်ရ လုပ်ရ အရှက်မရှိကြတော့ဘူး။ သေမှာမကြောက်တဲ့သူတွေ သွားပူးကြပေါ့”ဟု မန္တလေးမြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းတောင်းပြုံးပွဲသည် နှစ်စဉ် ဝါခေါင်လဆန်းတွင် ကျင်းပလေ့ရှိပြီး ပြည်နယ်နှင့် တိုင်းအသီးသီးမှ နတ်ရိုးရာကိုးကွယ်ယုံကြည်သူပေါင်း သောင်းနှင့်ချီ၍ လာ ရောက်ကြသည့် ပွဲတော်တစ်ခုဖြစ်သည်။
#မန္တလေး #မတ္တရာ #တောင်ပြုံး #ပွဲတော် #၈ရက်ကြာ #ကျင်းပမည် #Ayeyarwaddy_Times